အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သူ လာဂရိုတက်လီ ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ အဓိက နောက်ခံလူ ဒီလစ်ကို ရောင်းထုတ်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ခံစစ်မှူး ဒီလစ်က ၂၀၁၉ခုနှစ်မှာ အေဂျက်ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: The Sun

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီလစ်အတွက် ပထမဦးဆုံးအကြိမ် ကမ်းလှမ်းမှု အဖြစ် တီမိုဗာနာ + ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဂျူဗင်တပ်ကတော့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ဂျူဗင်တပ်ရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သူ လာဂရိုတက်လီက ဒီလစ်ဟာ နောက်ခံလူကောင်း တဦး ဖြစ်ပေမယ့် အသင်းကို အမှန်တကယ် ဦးဆောင်နိုင်စွမ်း မရှိတာကြောင့် ဒီလစ်ကသာ အသင်းကနေ ထွက်ခွာချင်နေရင် ဒီလစ်ကို ရောင်းထုတ်လိုက်သင့်တယ်လို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: The Sun

လာဂရိုတက်လီက – “တကယ်လို့ ဒီလစ်ကသာ ဂျူဗင်တပ်ကနေ အရမ်းကို ထွက်ချင်နေရင် ဂျုဗင်တပ်က သူ့ကို ဆက်ထိန်းဖို့ ကြိုးစားလိုက်တာထက် ရောင်းထုတ်တာဟာ ပိုကောင်းတယ်လို့ မြင်ပါတယ်။ ကျွန်တော်က ဒီလစ်ရဲ့ အမူအကျင့်နဲ့ ပြုမူ နေထိုင်ပုံတွေကို အတော်လေး သဘောကျပါတယ်။ ဒါပေမယ့် ဒီလစ်က သူ့ရဲ့ ဘေးနားမှာ ရှိနေတဲ့ လူတွေကို မြှင့်တင်ပေးနိုင်တဲ့ ခံစစ်မှူး တယောက်လို့တော့ မထင်ပါဘူး။ ပြီးတော့ ကျွန်တော်က သူ့ဆီကနေ အသင်းကို ခေါင်းဆောင်တဲ့ အချိန်မျိုး တခါမှ မမြင်ဖူးခဲ့ပါဘူး။ သူ့ကို ကြည့်ရတာ သူ ချစ်ရတဲ့ အလုပ်ကို လုပ်နေရတဲ့သူနဲ့ မတူပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။