အာချီ ဂရေးဆိုတဲ့ လိဒ်စ် ယူနိုက်တက်အသင်းရဲ့ ဆယ်ကျော်သက် လူငယ် ကွင်းလယ်ကစားသမားလေးကို လက်ရှိမှာ ရီးယဲလ် မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေကပါ အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ကြပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် ယူ-၂၁ ကစားသမားလေးဟာ ကွင်းလယ်ပိုင်းမှာရော ညာနောက်ခံနေရာနဲ့ ကွင်းလယ်ခံစစ်တို့မှာ ကစားနိုင်တဲ့ စွယ်စုံရ အရည်အသွေးမြင့် လူငယ် ကြယ်ပွင့်လေးတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Transfermarket

အသက် (၉)နှစ်အရွယ်ကတည်းက လိဒ်စ်ယူနိုက်တက် အကယ်ဒမီဆီ ရောက်ရှိနေခဲ့တဲ့ အာချီ ဂရေးဟာ လိဒ်စ် ဂန္တဝင် အက်ဒီ ဂရေးရဲ့တူတော်မောင်လည်းဖြစ်ပြီး အခုနှစ် ဘောလုံးရာသီမှာပဲ လိဒ်စ် စီနီယာ အသင်းကြီးအတွက် စတင် ကစားပေးခွင့်တွေ ရရှိလာခဲ့ပါတယ်။

အခုဆိုရင် ဆယ်ကျော်သက် ကစားသမားလေး အာချီ ဂရေးဟာ ဒီရာသီမှာ လိဒ်စ်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၄၁)ပွဲအထိတောင် ပါဝင်ကစားပေးထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေအပြင် ကမ္ဘာ့ထိပ်သီး အသင်းတွေရဲ့ စိတ်အာရုံကို ဖမ်းစားလာနိုင်ခဲ့ပါတယ်။

Photo Credit : FourFourTwo

အရပ်အမောင်း မြင့်မားပြီး ကွင်းလယ်နေရာအစုံမှာ ကစားနိုင်တဲ့ အာချီ ဂရေးကို လက်ရှိမှာတော့ ရီးယဲလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကပါ စိတ်ဝင်စားလာခဲ့သလို ပရီးမီးယားလိဂ်မှာဆိုရင်လည်း စပါး အက်စတွန် ဗီလာတို့က စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် အာချီ ဂရေးဟာ လိဒ်စ်နဲ့ ၂၀၂၈ခုနှစ်အထိ ကာလရှည် စာချုပ်တစ်ရပ် ရှိနေတဲ့အပြင် ဖခင် ဦးလေးတို့ကလည်း ဒီအသင်းမှာပဲ ကျင်လည်ခဲ့သူတွေ ဖြစ်ခဲ့တာကြောင့် လိဒ်စ်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ကို ပိုမို အာရုံစိုက်ထားဖွယ်သာ ရှိနိုင်ပါတယ်။