လတ်တလောမှာ ရလဒ်တွေ ဆက်တိုက်ကို ဆိုးရွှားလွန်းနေတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း လိဒ်စ်ယူနိုက်တက်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဂျုဗင်တပ်စ်အသင်းမှာ ပါဝင်ကစားနေတဲ့ အမေရိကန် ကွင်းလယ်ကစားသမား ဝက်စတန်မက်ကန်နီကို အရခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

အသက်(၂၃)နှစ်အရွယ်ရှိ အမေရိကန် လက်ရွေးစင် ကွင်းလယ်ကစားသမား မက်ကန်နီဟာ နာမည်ကြီး ဂျာမနီကလပ် ရှော်ကေးအသင်းမှာ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ်မှာပဲ ဂျုဗင်တပ်စ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့သလို အငှားစာချုပ် မပြည့်သေးခင်မှာပဲ ဂျုဗီဘက်ကနေ (၄)နှစ်စာချုပ်နဲ့ကို အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျုဗီကစားသမားဘဝ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတဲ့ မက်ကန်နီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေရပေမယ့် ဂျုဗင်တပ်စ်မှာ ကွင်းလယ်ကစားသမား များပြားနေတာကြောင့် အသင်းမှာ လိုအပ်နေတဲ့ နေရာတွေကို အားဖြည့်နိုင်ဖို့အတွက် မက်ကန်နီကို ပေါင်သန်း(၂၀)ခန့်နဲ့ ရောင်းထုတ်သွားဖို့ စီစဥ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ကွင်းလယ်ပိုင်းမှာ လုပ်အားနှုန်းကောင်းပြီး ကွင်းလယ်ခံစစ်နဲ့ Box-to-Box Role ကိုပါ ကစားနိုင်တတ်တဲ့ မက်ကန်နီကို လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်အသင်း လိဒ်စ်ယူနိုက်တက်ကနေ အရခေါ်ယူချင်နေပြီး ဂျုဗင်တပ်စ်ဘက်က အလိုရှိ​နေတဲ့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအတိုင်းနဲ့ပါ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကတော့ ဂျုဗင်တပ်စ်အသင်းမှာ ပုံမှန်နေရာ ပိုင်ဆိုင်ရဖို့အတွက်ကိုသာ တိုက်ပွဲဝင်သွားချင်နေပြီး လိဒ်စ်အသင်းဆီကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပေမယ့်လည်း လိဒ်စ်အသင်းဘက်ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်း အင်အားတောင့်တင်းလာဖို့အတွက် မက်ကန်နီကို အလိုရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နေရာမှာ ရပ်တည်နေရပြီး တန်းဆင်းဇုန်နဲ့ နီးကပ်နေရတဲ့ လိဒ်စ်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေ အလွန်များနေတာကြောင့် လာမယ့်စျေးကွက်အတွင်း ကစားသမားသစ်တချို့ ခေါ်ယူအားဖြည့်ဖွယ် ရှိနေပါတယ်။