ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာမှ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာခဲ့တဲ့ လိဒ်ယူနိုက်တက် အသင်းကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်း သွားခဲ့တဲ့ နောဝှစ်ချ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကန့််ဝဲလ်ကို ခေါ်ယူဖို့ အတွက် ကြိုးစားနေကြောင်း ခိုင်လုံတဲ့ အင်္ဂလန် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လိဒ်ယူနိုက်တက် အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှ ပရီးမီးယားလိဂ်ဆီ တန်းတက် လာတဲ့ အသင်းဖြစ်ပေမယ့် ဆွဲမက်ဖွယ်ရာ ကောင်းတဲ့ ကစားပုံတွေနဲ့အတူ ရလဒ်ကောင်း တချို့ကို ရယူထားနိုင်ခဲ့ပြီး အသင်းကြီးတွေကို ဒုက္ခပေးနိုင်မယ့် ဖျက်မြင်းအသင်း ဖြစ်လာလိမ့်မယ် လို့ အားလုံးရဲ့ ထင်ကြေးပေးမှုတွေကို ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Leeds Live

လိဒ်ယူနိုက်တက် အသင်းရဲ့ ပိုင်ရှင်တွေဟာ အသင်းကို လာမယ့် ၃နှစ် အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ကြီးခြောက်ကြီးကို ခြိမ်းခြောက်နိုင်တဲ့ အသင်းဖြစ်အောင် တည်ဆောက်သွားမယ်လို့ ပရိသတ်တွေကို ကတိ ပေးထားခဲ့ပြီး လက်ရှိမှာတော့ ပေးထားတဲ့ ကတိစကားနဲ့ အညီ အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ လုပ်ဆောင် နေကြပါတယ်။ လိဒ်ယူနိုက်တက် အသင်းဟာ ပိတ်သိမ်းသွားတဲ့ နွေစျေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ လူငယ် ကွင်းလယ်လူ ခရူးဆန့်စ် ၊ မန်ယူအသင်းရဲ့ တောင်ပံ ကစားသမား ဒန်နီရယ်ဂျိမ်းစ် တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် လက်ရှိမှာတော့ ခေါ်ယူလို့ ရသေးတဲ့ ကန့်ဝဲလ်ကို ခေါ်ယူဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Leeds Live

အသက် ၂၂နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူ ကန့်ဝဲလ်ဟာ ကွင်းလယ်တိုက်စစ် ၊ ဘယ်တောင်ပံ စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်းရှိသူ တစ်ဦးဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း နောဝှစ်ချ်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတွေကို ပရီးမီးယားလိဂ်မှာ ပြသနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပါ။ လက်ရှိမှာတော့ လိဒ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ကန့်ဝဲလ်ကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းနေကြပြီး နောဝှစ်ချ်အသင်း ကတော့ သူတို့အသင်းရဲ့ ကွင်းလယ်လူ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂ဝသန်း သတ်မှတ် ထားပါတယ်။ ပေါင် ၂ဝသန်း ဆိုတဲ့ ပမာဏဟာ လိဒ်ယူနိုက်တက်အသင်း တတ်နိုင်တဲ့ ပမာဏ တစ်ခု ဖြစ်တာကြောင့် မကြာမီမှာပဲ ကန့်ဝဲလ်ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။