အရပ်အမောင်းမြင့်မားပြီး တကယ့်ကို အရည်အချင်းရှိတဲ့ တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပက်ထရစ်ဘမ်းဖိုဒ့်ကတော့ မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ သူရဲ့လိဒ်စ်ယူနိုက်တက်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ကာ ပြိုင်ဘက်အက်စတွန်ဗီလာအသင်းရဲ့ ရာနှုန်းပြည့်နိုင်ပွဲတွေကို ရပ်တန့်စေခဲ့သလို သူရဲ့ကစားသမားဘဝအတွင်း ပထမဆုံးသော ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဟက်ထရစ်ကို စတင်ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ လက်ရှိမှာ ဒီကစားသမားကို ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြမှာဖြစ်လို့ သူရဲ့အကြောင်းလေးတွေကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Daily Mail

ခေါင်းစဉ်မှာ ဖော်ပြထားခဲ့သလိုပါပဲ အသက်(၂၇)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဘမ်းဖိုဒ့်က ချယ်လ်ဆီးကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး စီနီယာအသင်းအတွက် တစ်ပွဲတစ်လေမှကို ပါဝင်ခဲ့ရခြင်းမရှိပဲ အငှားကစားသမားဘဝနဲ့သာ အချိန်ကုန်ခံရသူလည်းဖြစ်ပါတယ်။ မွေးရပ်မြေက ကလပ်အသင်းဖြစ်တဲ့ နော်တင်ဟမ်ဖောရက်စ်မှာ ကစားသမားဘဝကို စတင်နိုင်ခဲ့တဲ့ ဘမ်းဖိုဒ့်ဟာ ၂၀၁၂ခုနှစ်မှာပဲ ချယ်လ်ဆီးကို ပေါင်(၁.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ကာ ၂၀၁ရခုနှစ်အထိ ချယ်လ်ဆီးအသင်းသားအဖြစ် တည်ရှိခဲ့ပေမယ့်လည်း စုစုပေါင်းအသင်း(၆)သင်းအထိကို အငှားသွားရောက်ကစားခဲ့ရကာ ချယ်လ်ဆီးအတွက် တစ်ပွဲမှ ကစားခွင့်မရခဲ့ပါဘူး။

Photo Credit : Twitter

အမ်ကေဒွန်း ဒါဘီကောင်တီ မစ်ဒယ်ဘရော့ ခရစ္စတယ်ပဲလေ့စ် နောရစ်ချ်စီးတီးနဲ့ ဘန်လေအသင်းတို့မှာ အငှားနဲ့သွားရောက်ကစားခဲ့ရတဲ့ ဘမ်းဖိုဒ့်ဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ မစ်ဒယ်ဘရော့ကို အပြီးသတ်ပြောင်းရွှေ့ပြီး တစ်ရာသီအကြာမှာပဲ လိဒ်စ်ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့ပါတယ်။ ဘမ်းဖိုဒ့်ဟာ လိဒ်စ်ကို ရောက်ရှိလာစဉ်မှာ ပြောင်းရွှေ့ကြေးကို အတိအကျ ဖော်ပြထားခြင်းမရှိပေမယ့် အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရသလို အသင်းအတွက်လည်း အကောင်းဆုံးပေးဆပ်ကစားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တတ်လှမ်းလာနိုင်ခဲ့ပြီး ဘမ်းဖိုဒ့်ကိုယ်တိုင်ကပါ အသင်းနဲ့အတူ (၆)ပွဲကစားထားကာ (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘမ်းဖိုဒ့်ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ပွဲဦးထွက် (၃)ပွဲဆက်တိုက် သွင်းဂိုးတွေ ရယူခဲ့ပြီး (၂)ပွဲဆက်တိုက် ဂိုးပေါက်ပြန်ပျောက်နေခဲ့ရာ မနေ့ညက ဗီလာနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာတော့ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်မှာ သူရဲ့ပထမဆုံးအကြိမ် ဟက်ထရစ်ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေကြောင့် ချယ်လ်ဆီးရဲ့ အပယ်ခံတွေဖြစ်ခဲ့ရတဲ့ လူကာကူ ဒီဘရိုင်း ဆာလာတို့လိုမျိုး ဘမ်းဖိုဒ့်လည်း အရမ်းတောက်ပလာနိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ ဆက်လက်စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။