ချန်ပီယံရှစ်က ကလပ်အသင်းတစ်သင်းဆိုပေမယ့် သမိုင်းကြောင်းကောင်းခဲ့သလို အသင်းရဲ့ဘဏ္ဍာရေးအခြေအနေတွေကြောင့် ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီး လိဂ်ဝမ်းအထိတောင် ကျဆင်းသွားခဲ့ရတဲ့ လိဒ်ယူနိုက်တက်အသင်းဟာ အခုဆိုရင်တော့ ၂၀၀၄ခုနှစ်နောက်ပိုင်းကတည်းက သူတို့အသင်းနဲ့ အလှမ်းဝေးနေရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းနိုင်ဖို့က ရမှတ်တစ်မှတ်လေးသာ လိုအပ်နေတော့ကာ ဒီညမှာ ဝက်ဘရွန်းက ခြေချော်ခဲ့မယ်ဆိုရင်တော့ လိဒ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဆီ တရားဝင်တတ်လှမ်းနိုင်တော့မှာဖြစ်ပါတယ်။

Photo Credit : Sky Sports

လိဒ်ယူနိုက်တက်အသင်းဟာ ဘောလုံးပွဲတွေပြန်လည်စတင်ချိန်ကနေ တောက်လျှောက်ကို ရလဒ်တွေ ကောင်းမွန်နေခဲ့ပြီး ကာဒစ်တစ်သင်းတည်းကိုပဲ အရေးနိမ့်ခဲ့ကာ လက်ကျန်(၆)ပွဲမှာ (၅)ပွဲအထိ အနိုင်ရယူခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘရစ္စတိုးအသင်းနဲ့ ပွဲစဉ်မှာပါ လိဒ်ယူနိုက်တက် အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းနိုင်ဖို့က ရမှတ်(၁)မှတ်လေး လိုအပ်နေတော့ပြီး တကယ်လို့သာ ဝက်ဘရွန်းအသင်းက ဒီညဟတ်စ်ဒါဖီးလ်နဲ့ပွဲမှာ ခြေချော်ခဲ့မယ်ဆိုရင် လိဒ်ယူနိုက်တက်က ချန်ပီယံရှစ်ရဲ့ချန်ပီယံပါ သတ်မှတ်ခံရတော့မှာဖြစ်ပါတယ်။

Photo Credit : Leeds Live

လိဒ်ယူနိုက်တက်အသင်းဆိုတာ အင်္ဂလန်မှာသာမကပဲနဲ့ ဥရောပအထိကို ထွန်းတောက်ခဲ့ဖူးတဲ့ အသင်းတစ်သင်းဖြစ်သလို ဖာဒီနန် ဗီဒူကာ ကီးဝဲလ် အလန်စမစ် လီဘောင်ဝါ ကန်တိုနာ ရောဘတ်ဆန်တို့လို အထင်ကရ ကစားသမားတွေကို မွေးထုတ်ခဲ့တဲ့ ကလပ်အသင်းတစ်သင်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ချန်ပီယံလိဂ်လို့ နာမည်မပြောင်းလဲခင် European Cup လို့ ခေါ်ဝေါ်ခဲ့စဉ်တုန်းက အဲ့ဒီဆုဖလားကြီးရဲ့ဖိုင်နယ်အထိကိုပါ တတ်လှမ်းနိုင်ခဲ့ဖူးတဲ့ လိဒ်အသင်းဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကနေ အဆင့်(၁၉)နဲ့ တန်းဆင်းသွားခဲ့ရတာဖြစ်ပြီး ၂၀၀၇ခုနှစ်မှာတော့ ချန်ပီယံရှစ်ကနေပါ လိဂ်ဝမ်းအထိ ဆက်လက်တန်းဆင်းခဲ့ရပါသေးတယ်။ ၂၀၁၀ခုနှစ်မှာတော့ ချန်ပီယံရှစ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းခဲ့ပြီး ချန်ပီိယံရှစ်မှာ ဆယ်နှစ်လောက် ကျင်လည်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်ဆီ ပြန်ရောက်နိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်လာခဲ့ရတာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်ဟာ မနှစ်က ဘောလုံးရာသီမှာကတည်း ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့ဖူးပြီး Play-off ဆီမီးဖိုင်နယ်ပွဲမှာ ဒါဘီကောင်တီကို အရေးနိမ့်ခဲ့လို့သာ လွဲချော်ခဲ့ရတာဖြစ်ကာ အခုလက်ရှိမှာတော့ လာမယ့်ရာသီအတွင်း သူတို့အသင်းကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ရဖို့က သေချာသလောက်ကို ရှိသွားခဲ့ရပြီဖြစ်ပါတယ်။