ပရီးမီးယားလိဂ်ကို နှစ်ပေါင်းများစွာကြာမှ တန်းပြန်တတ်လာခွင့် ရရှိခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမားကြီး အက်ဒီဆန်ကာဗာနီဟာ အခုဆိုရင်တော့ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင်(၈.၁)သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ BeIN Sports ရုပ်သံရဲ့သတင်းထောက်တစ်ဦးဖြစ်သူက သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီာ ၂၀၁၃ခုနှစ်ကတည်းက ပါဝင်ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် ရက်သတ္တပတ် အတန်ကြာတဲ့အချိန်ထိ အသင်းသစ် ရှာမတွေ့သေးပဲ အသင်းတော်တော်များများနဲ့လည်း သတင်းတွေ ထွက်နေခဲ့ရပါတယ်။ ကာဗာနီနဲ့ သတင်းထွက်ခဲ့တဲ့ အသင်းတွေထဲမှာ လိဒ်စ်ယူနိုက်တက်လည်း ပါဝင်ခဲ့ပြီး အသင်းရဲ့ပိုင်ရှင်ကိုယ်တိုင်ကပါ အသင်းရဲ့လူအင်အားတောင့်တင်းနေစေဖို့အတွက် ကာဗာနီလို အတွေ့အကြုံရင့် ကစားသမားမျိုးကို လိုအပ်တယ်လို့ပါ ဝန်ခံပြောဆိုထားခဲ့ပါသေးတယ်။

Photo Credit : AS English

လိဒ်စ်ယူနိုက်တက်ဘက်ကနေ ကာဗာနီကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေကို ပြုလုပ်ခဲ့သေးပေမယ့်လည်း တစ်ဖက်မှာလည်း ဘင်ဖီကာလို ဥရောပထိပ်သီးအသင်းရဲ့ကမ်းလှမ်းမှုကို ရရှိထားခဲ့တဲ့ ကာဗာနီဟာ တန်းတတ်လာတဲ့ အသင်းတစ်သင်းမှာ ပါဝင်ကစားဖို့ထက် ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတစ်သင်းမှာ ပါဝင်ဖို့ကိုပဲ ရွေးချယ်ခဲ့တာဖြစ်နိုင်ပါတယ်။ ကာဗာနီကိုလည်း ဘင်ဖီကာအသင်းနည်းပြ ဂျော့ဂျီးဆပ်စ်ကိုယ်တိုင် အလိုရှိနေခဲ့တာဖြစ်ပြီး အသင်းက ကာဗာနီအတွက် တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းခွဲဝန်းကျင်လောက်အထိ ပေးချေသွားဖွယ်လည်း ရှိနေပါတယ်။ ကာဗာနီဟာ ၂၀၁၃ခုနှစ်မှာ နာပိုလီအသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို ယူရို(၆၄)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့(၇)နှစ်တာလောက် ဖြတ်သန်းခဲ့ပြီးနောက်မှာ အသင်းအတွက် ဂိုးသွင်းအများဆုံးသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သလို အသင်းနဲ့အတူ အဓိကဆုဖလား(၁၆)လုံးအထိတောင် သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ကာဗာနီကို သက်တမ်းတိုးချင်ခဲ့ပေမယ့်လည်း နေမာ ဘာပေ အီကာဒီ ဆာရာဘီယာတို့လို တိုက်စစ်ကစားသမားတွေရှိနေတဲ့ အသင်းတိုက်စစ်မှာ နေရာပုံမှန်ရဖို့ မလွယ်ကူတော့တာကြောင့် ကာဗာနီဘက်ကနေ အသင်းနဲ့လက်တွဲဖြုတ်ဖို့ကိုပဲ ရွေးချယ်လိုက်ရတာဖြစ်ပါတယ်။