လိဒ်စ်ယူနိုက်တက်အသင်းဟာ နွေစျေးကွက်အတွင်းမှာ မခေါ်ယူနိုင်ခဲ့တဲ့ PSV အသင်းရဲ့ တောင်ပံကစားသမားလေး ကိုဒီဂက်ပိုကို လာမယ့် ဇန်နဝါရီ ဆောင်းစျေးကွက် ပြန်ဖွင့်ချိန်မှာ အရခေါ်ယူနိုင်ဖို့ ထပ်မံ ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

နယ်သာလန် ထိပ်သီးကလပ် PSV အသင်းရဲ့ အားအထားရဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဂက်ပိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက် အာဆင်နယ်တို့လို ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေနဲ့ သတင်းထွက်ခဲ့သေးသလို ဆောက်သမ်တန် လိဒ်စ်တို့လို ကလပ်အသင်းတွေကပါ ဂက်ပိုကို အဂ်လန်မြေဆီ ရောက်ရှိလာဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပါတယ်။ဒါပေမယ့် PSV အသင်းဘက်ကတော့ ဂက်ပိုအတွက် ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး သူတို့ရဲ့ ကြယ်ပွင့် ကစားသမားလေးကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဂက်ပိုအနေနဲ့ ဒီရာသီကို နယ်သာလန်လိဂ်မှာပဲ ဖြတ်သန်းနေရ​ပါတော့တယ်။

Photo Credit : Twitter

ဒါပေမယ့် transfer guru ဖာဘရီဇီယိုရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ ဂက်ပိုကို အလိုရှိနေတဲ့ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ လိဒ်စ်က လာမယ့် ဆောင်းရာသီ စျေးကွက်ပြန်ဖွင့်ချိန်မှာ ဂက်ပိုကို ကမ်းလှမ်းမှုတွေ ထပ်မံ ပြုလုပ်သွားဦးမယ်လို့ ဖော်ပြထားခဲ့ပါတယ်။ လိဒ်စ်အသင်းက ​စျေးကွက်ထဲမှာ ကစားသမား အားဖြည့်မှုတွေ အသေအချာ လုပ်ဆောင်ထားခဲ့​​ပေမယ့် အသင်းဘက်က ရာဖင်ညာအပြင် transfer deadline day မှာပါ ဒန်နီရယ်ဂျိမ်းစ်ကို လက်လွတ်ထားခဲ့ရသလို လက်ရှိ လူစာရင်းမှာလည်း ညာတောင်ပံ ကစားသမား အရေအတွက်က မရှိသလောက် နည်းပါးနေလို့ ဂက်ပိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေတာ ဖြစ်ပါတယ်။ လိဒ်စ်အသင်းဟာ နွေစျေးကွက် နောက်ဆုံးရက်မှာ ဂက်ပိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဆောက်သမ်တန်အသင်းထက် ပိုမိုတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းခဲ့သေးပေမယ့်လည်း PSV ဘက်က ပယ်ချခဲ့တာကြောင့် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နယ်သာလန် နည်းပြကြီး လူးဝစ်ဗန်ဟားကပါ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး မတိုင်ခင်မှာ အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ မသင့်တော်ဘူးလို့ ဂက်ပိုကို အကြံပြုထားတာကြောင့် ဂက်ပိုကိုယ်တိုင် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။