MySport Myanmar

ပဲရစ်မှာ နေမာနဲ့အတူ ရှိနေတဲ့ ရာဖင်ညာ PSG နဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေ

လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့်ကစားသမား ရာဖင်ညာဟာ သူရဲ့ ဘရာဇီးလ်အသင်းဖော်ဖြစ်သူ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာနဲ့အတူ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အတွင်း တွေ့ဆုံလည်ပတ်ခဲ့ပြီးနောက်ပိုင်း လာမယ့်စျေးကွက်ထဲမှာ ရာဖင်ညာအနေနဲ့ နေမာရဲ့ ကလပ်အသင်း ပီအက်စ်ဂျီဆီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေ အတော်လေး ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Tribune India

အသက်(၂၅)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ရာဖင်ညာဟာ ၂၀၂ဝခုနှစ် နွေရာသီစျေးကွက်ထဲမှာ လီဂူးကလပ် ရန်းစ်အသင်းကနေ လိဒ်စ်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲကို စတင်ခြေချခဲ့ချိန်မှာပဲ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် အချိန်တိုလေးအတွင်းမှာ ရာဖင်ညာကို ပရီးမီးယားလိဂ် အသင်းတွေရော ဥရောပ ထိပ်တန်းအသင်းတွေကပါ အပြိုင်စိတ်ဝင်စားလာခဲ့ကြပါတယ်။ ဒီအသင်းတွေထဲမှာ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းလည်း ပါဝင်လာခဲ့ပြီး လာမယ့်စျေးကွက်ထဲမှာ ရာဖင်ညာကို အရခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo  Credit : Football Espana

လက်ရှိမှာတော့ ရာဖင်ညာဟာ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးလ်ထိပ်တန်း ကစားသမားဖြစ်သူ နေမာ နေထိုင်နေတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ဆီကို လာရောက်လည်ပတ်ရင်း နေမာနဲ့ တွေ့ဆုံလျက် ရှိနေတဲ့အပြင် နေမာရဲ့ ပီအက်စ်ဂျီအသင်း မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ လီဂူးပွဲစဉ်ကိုပါ ကြည့်ရှုအားပေးသွားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာ နေမာက ပီအက်စ်ဂျီအတွက် အဖွင့်သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသေးတယ်။ ညာတောင်ပံကစားသမား ရာဖင်ညာဟာ နေမာနဲ့အတူ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ ဘရာဇီးလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ တိုက်စစ်အတွဲအဖက်တွေ ဖြစ်နေတာကြောင့် ဒီမာရီယာ ဒရက်ဇ်လာတို့လို တောင်ပံကစားသမားတွေနဲ့ လက်တွဲဖြုတ်သွားတော့မယ့် ပီအက်စ်ဂျီအသင်းက ရာဖင်ညာကို ခေါ်ယူအားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။ ရာဖင်ညာကို လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းကလည်း ခေါ်ယူသွားချင်နေပြီး ဘိုင်ယန်မြူးနစ်ကလည်း စောင့်ကြည့်လျက် ရှိနေသလို ရာဖင်ညာရဲ့ အသင်းဖော်ဟောင်း ဘရူနိုဖာနန်ဒက်စ်ကလည်း ရာဖင်ညာကို သူရဲ့ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာစေချင်နေပါတယ်။

Exit mobile version