ဒီနှစ်ဘောလုံးရာသီမှ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို ပြန်လည်တတ်လှမ်းလာနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီကွင်းလယ်ကစားသမား ဂျူအန်ဒရက်ဇ်လာကို ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားလို့နေပြီး ကစားသမားနဲ့ သူရဲ့အသင်းတို့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် အခုဆောင်းစျေးကွက်မှာပဲ အကြိုသဘောတူညီမှုရအောင် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Sempreinter

အသက်(၂၇)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒရက်ဇ်လာဟာ ၂၀၁ရခုနှစ်ကတည်းက ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းကနေ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်နေရာရဖို့က ရုန်းကန်နေရတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်မှာ လက်တွဲဖြုတ်သွားချင်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဒရက်ဇ်လာကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းတွေဖြစ်တဲ့ အေစီမီလန် အင်တာမီလန် ဆီဗီလာနဲ့ ဟာသာဘာလင်တို့က စိတ်ဝင်စားနေကြသလို ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်ကလည်း စိတ်ဝင်တစား ရှိနေတယ်လို့ Gazzetta dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Kicker

လိဒ်စ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက ဒရက်ဇ်လာကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ဖူးသေးပြီး အောင်မြင်ခြင်းတော့ မရှိခဲ့တာကြောင့် လာမယ့်နှစ် နွေစျေးကွက်မှာ နောက်ထပ်တစ်ကြိမ် ခေါ်ယူသွားချင်နေတာဖြစ်ပါတယ်။ ဒရက်ဇ်လာကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းက အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့သေးကြောင်းကို ဝန်ခံပြောဆိုထားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အပြောင်းအရွှေ့လုပ်ဆောင်ဖို့က ထင်သလောက် မလွယ်ကူတာမို့ အသင်းပြောင်းဖို့က မပေါ်ပေါက်လာခဲ့ရတာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။ ဒရက်ဇ်လာဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ(၉)ပွဲကိုသာ ပါဝင်ကစားထားရပြီး သွင်းဂိုး(၂)ဂိုး ရယူပေးထားနိုင်ခဲ့ပါတယ်။ ဒရက်ဇ်လာဟာ လာမယ့်ဇွန်လကုန်မှ အသင်းနဲ့ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း မကြာခင်မှာ ကျင်းပသွားတော့မယ့် ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ဂျာမန်လက်ရွေးစင်အသင်းကနေ ရွေးချယ်ခံရဖို့အတွက် အခုဆောင်စျေးကွက်အတွင်းမှာပဲ အသင်းပြောင်းဖို့ ဆန္ဒရှိလို့နေပြီး သူ့ကို ပွဲထွက်ကစားခွင့်တွေ ခပ်များများပေးသွားနိုင်မယ့် ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။