ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်အသင်းရဲ့ ပိုင်ရှင် ရာဒရီဇာနီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်မှာ လိဒ်နောက်ခံလူ စထရုဂျက်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တဲ့ လီဗာပူးအသင်းရဲ့ လူငယ် ကွင်းလယ်လူ အိလိယက်ကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းက လိဒ်ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ အိလိယက်ဟာ ပွဲကစားချိန် ၆၀မိနစ်မှာ လိဒ်နောက်ခံလူ စထရုဂျက်နဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးစားရင်း ခြေကျင်းဝတ် လည်ထွက်သွားခဲ့တာ ဖြစ်ပြီး အိလိယက်အပေါ် ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့တဲ့ စထရုဂျက်ကလည်း အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: The Guardian

လက်ရှိမှာတော့ အိလိယက်ဟာ နီးစပ်ရာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး လီဗာပူးအသင်းရဲ့ ဆရာဝန်တွေက သူ့ရဲ့ ခြေကျင်းဝတ်ကို ပုံမှန် အနေအထားအတိုင်း ရောက်ရှိအောင် ပြန်လည် ပြုပြင်ထားပေမယ့် အိလိယက်ဟာ နာကျင်မှုတွေ ခံစားနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂင်ကလော့ပ် ကတော့ အိလိယက်ကို ယခုလို အခြေအနေအထိ ရောက်ရှိအောင် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ စထရုဂျက်အား အတော်လေး စိတ်ဆိုး ဒေါသထွက်နေပြီး သူက စထရုဂျက် တယောက် အနီကတ်နဲ့ ထုတ်ခံရတာကိုလည်း ဂရုမစိုက်ကြောင်းနဲ့ အသက် ၁၈နှစ်သာ ရှိသေးတဲ့ လူငယ် ကစားသမား တဦး အတွက် ယခုလို ဒဏ်ရာဟာ အတော်လေး ဆိုးရွားကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Photo Credit: The Guardian

လက်ရှိမှာတော့ လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် ရာဒရီဇာနီက သူ့ရဲ့ ကစားသမား စထရုဂျက်ကြောင့် ခြေကျင်းဝတ် လည်ထွက်သွားတဲ့ အိလိယက်ကို တောင်းပန်စကား ပြောကြားခဲ့ပြီး ယခုဖြစ်ရပ်ဟာ မတော်တဆ ဖြစ်ရပ်တခုသာ ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

ရာဒရီဇာနီက – “ကျွန်တော်က အိလိယက် အမြန်ဆုံး သက်သာလာအောင် ဆုတောင်းပေးနေပါတယ်။ ဒါက ဘောလုံးပြိုင်ပွဲပါ။ ပြီးတော့ ဒီဖြစ်ရပ်က မတော်တဆ ဖြစ်ခဲ့တာလို့ ပြောနိုင်ပါတယ်။ ကျွန်တော် တကယ်ပဲ ဒီကလေးအတွက် စိတ်မကောင်းပါဘူး။ ဒီဒဏ်ရာက သူ့အတွက် ခက်ခဲစေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီလို ဒဏ်ရာမျိုး မရရှိအောင် ထိန်းချုပ်လို့ မရပါဘူး။ ဒါက မတော်တဆ ဖြစ်ရပ်တခုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဒီကလေးအတွက် အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ပြောကြားကာ တောင်းပန်ခဲ့တာလည်း ဖြစ်ပါတယ်။