နှစ်ပေါင်း(၁၆)နှစ်ကြာမှ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တန်းတတ်လာခွင့်ရတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ဖို့ ကစားအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်လျက်ရှိနေပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီကိုပါ ခေါ်ယူသွားဖို့အတွက် ကာဗာနီရဲ့အေးဂျင့်ဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Ligue 1

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီးနောက်မှာ အသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေကာ သူအတွက် အဆင်ပြေနိုင်မယ့် အသင်းသစ်ကို ရှာဖွေလျက်ရှိနေပါတယ်။ ဒီလို Free Agent ဖြစ်နေတဲ့ ကာဗာနီကို လိဒ်စ်ယူနိုက်တက်အသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး AS Mexico ကနေ ထုတ်ပြန်လာတဲ့ သတင်းတွေအရ လိဒ်စ်အသင်းဟာ ကာဗာနီရဲ့အကိုလည်းဖြစ် အေးဂျင့်လည်းဖြစ်သူနဲ့ ချိတ်ဆက်မှုတွေ စတင်ပြုလုပ်နေပြီး ကာဗာနီကို ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : AS English

ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ နှစ်ပေါင်းများစွယ ပါဝင်ကစားခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး သူရဲ့အဆုံးသတ်ပိုင်နိုင်မှု ဂိုးသွင်းအားကောင်းမှုတွေကြောင့် ပီအက်စ်ဂျီအသင်းရဲ့ အမြဲတမ်းဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက်အရွှယ်အရ ကစားသမားဘဝနေဝင်ချိန်ကို တဖြည်းဖြည်းရောက်လာခဲ့ပြီဖြစ်လို့ ပီအက်စ်ဂျီအသင်းဘက်ကနေ ကာဗာနီကို အသင်းရဲ့လူစာရင်းမှာ နေရာသိပ်မပေးနိုင်တာကြောင့် ကာဗာနီကလည်း အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ကာဗာနီကို ကလပ်အသင်းပေါင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပြီး အားလုံးထဲမှာတော့ လက်ရှိကာဗာနီနဲ့ သတင်းအထွက်ဆုံးက လိဒ်စ်ယူနိုက်တက်အသင်း ဖြစ်လို့နေပါတယ်။ လိဒ်စ်အသင်းဟာ ကာဗာနီအပြင် ကာဗာနီရဲ့ပီအက်စ်ဂျီအသင်းဖော်ဟောင်းဖြစ်တဲ့ ဇလာတန်အီဗရာဟီမိုဗစ်ကိုပါ ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး မိုဗစ်ကတော့ လက်ရှိမှာ မီလန်အသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်နေပေမယ့် လာမယ့်သြဂုတ်လမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ဘာမှဆုံးဖြတ်ချက်မချရသေးပဲ ဘောလုံးသမားဘဝကနေပါ အဆုံးသတ်ဖွယ်ရှိနေပါတယ်။