ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တန်းတတ်လာခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာထိကို ရောက်ရှိနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာလည်း ရလဒ်ကောင်းတွေ ဆက်တိုက်ရယူသွားဖို့အတွက် နွေစျေးကွက်အတွင်း ကစားသမား အားဖြည့်မှုအဖြစ် ဝုလ်ဗ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အဒါမာထရာအိုရေးကို ခေါ်ယူသွားဖို့ စတင်လှုပ်ရှားလာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : News Break

လိဒ်စ်ယူနိုက်တက်အသင်းဟာ ၂၀၂၁ခုနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာ မန်စီးတီးအသင်းကနေ (၃)ရာသီဆက်တိုက် အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမား ဂျက်ဟာရီဆန်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့သလို ဘာစီလိုနာအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဂျူနီယာဖာလ်ပိုကိုလည်း ယူရို(၁၅)သန်းနဲ့ ခေါ်ယူထားပါတယ်။ လက်ရှိမှာလည်း လိဒ်စ်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့စပိန်လက်ရွေးစင် တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အဒါမာထရာအိုရေးကိုပါ ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ဆက်လက်ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၅)နှစ်အရွှယ်ရှိ စပိန်တောင်ပံတိုက်စစ်ကစားသမား အဒါမာထရာအိုရေးဟာ ဝုလ်ဗ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး ပြေးအား ဂိုးကန်အား ကောင်းမွန်လှတဲ့ ဒီကစားသမားကို ချယ်လ်ဆီး လီဗာပူးလ်တို့လို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေအပြင် ဥရောပ ထိပ်တန်းကလပ်အသင်းတွေကပါ ပစ်မှတ်ထားလျက် ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း ဒီနွေမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ အစီအစဉ် ရှိလို့နေပါတယ်။ ဒီလို အသင်းနဲ့ လမ်းခွဲသွားဖို့ အစီအစဉ်ရှိနေတဲ့ ထရာအိုရေးကို အခြားသော ကလပ်အသင်းတွေထက် လက်ဦးမှုရယူကာ ခေါ်ယူသွားနိုင်ဖို့ လိဒ်စ်အသင်းဘက်ကနေ ကြိုးပမ်းလာခဲ့ပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ပါ ကမ်းလှမ်းလာဖွယ် ရှိနေတယ်လို့ နာမည်ကျော် ဗြိတိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့်် ကစားသမားကိုယ်တိုင်က ဝုလ်ဗ်ကနေ ထွက်ခွာမယ်ဆိုရင်တောင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတာဖြစ်လို့ လိဒ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့က ဖြစ်နိုင်ခြေနည်းနေပြီး နည်းပြကြီး ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။