နှစ်ပေါင်း(၁၆)နှစ်ကြာမြင့်ပြီးမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တန်းတတ်လာနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကတော့ တခြားသော တန်းတတ်အသင်းတွေလို တစ်ရာသီကစားပြီးနောက်မှာ ချန်ပီယံရှစ်ဆီ ပြန်လည်တန်းဆင်းသွားရတာမျိုး မဖြစ်စေရဖို့အတွက် လာမယ့်စျေးကွက်အတွင်းမှာ ကစားသမားသစ်တွေခေါ်ယူပြီး အသင်းရဲ့လူအင်အားကို မြင့်တင်သွားဖို့ရှိနေကာ ဝါရင့်တိုက်စစ်မှူးနှစ်ဦးဖြစ်တဲ့ အက်ဒီဆင်ကာဗာနီနဲ့ ဇလာတန်အီဗရာဟီမိုဗစ်တို့ကို ပစ်မှတ်ထားလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

တချိန်က ပရီးမီးယားလိဂ်မှာ နာမည်ကျော်အသင်းတစ်သင်းဖြစ်ခဲ့ဖူးတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ၂၀၀၄ခုနှစ်နောက်ပိုင်းကတည်းက လိဂ်ဝမ်းနဲ့ ချန်ပီယံရှစ်တို့မှာ ကျင်လည်ခဲ့ရပြီး ဒီရာသီမှာတော့ ချန်ပီယံရှစ်ပြိုင်ပွဲအတွင်း ချန်ပီယံဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရလို့ ပရီးမီးယားလိဂ်ဆီ ပြန်လည်တတ်လှမ်းနိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အဆင့်မြင့်တန်းလိဂ်တစ်ခုုကို ပြန်လည်တတ်လှမ်းလာချိန်မှာ အသင်းရဲ့လူအင်အားကို အတောင့်တင်းဆုံးဖြစ်နေအောင် အရည်အသွေးမြင့် ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ လိဒ်စ်ယူနိုက်တက်ပိုင်ရှင် ရာဒရစ်ဇန်နီက ကြိုးပမ်းနေတာဖြစ်ပါတယ်။

Photo Credit : Laacib

လတ်တလောမှာတော့ ရာဒရစ်ဇန်နီက သူ့အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် နာမည်ကျော် ဝါရင့်တိုက်စစ်မှူးကြီး(၂)ယောက်ဖြစ်တဲ့ ကာဗာနီနဲ့မိုဗစ်တို့ကို ပစ်မှတ်ထားလို့နေပြီး အနည်းဆုံးတစ်ယောက်လောက်ကိုတော့ အရခေါ်ယူဖွယ်ရှိနေပါတယ်။ ရာဒရစ်ဇန်နီဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ဝါရင့်ဆွီိဒင်တိုက်စစ်မှူးကြီး မိုဗစ်ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေကို ပြုလုပ်ခဲ့ကြောင်း သူကိုယ်တိုင်ဝန်ခံပြောဆိုထားခဲ့ပြီး မိုဗစ်က အေစီမီလန်ကိုပဲ ပြန်သွားချင်နေလို့သာ သူတို့အသင်းအနေနဲ့ လက်လျော့လိုက်ရတာလို့ ရာဒရစ်ဇန်နီက ဖွင့်ဟထားပါတယ်။ လက်ရှိ မီလန်မှာ ခြေစွမ်းတွေ ပြန်လည်ပြသထားပြီး သွင်းဂိုးတွေပါ သွင်းယူထားတဲ့ မိုဗစ်ဟာ နောက်လမှာပဲ မီလန်နဲ့ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ကာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကလည်း မရေမရာဖြစ်နေပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ မိုဗစ်အပြင် လက်ရှိမှာ ပီအက်စ်ဂျီနဲ့လမ်းခွဲပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ ဥရုဂွေးတိုက်စစ်မှူးကြီး ကာဗာနီကိုပါ ရာဒရစ်ဇန်နီက အလိုရှိနေကာ အသင်းနည်းပြဘီယယ်ဆာနဲ့ ဆွေးနွေးပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးပြောဆိုထားပါတယ်။