အင်္ဂလန် ချန်ပီယံရှစ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိဒ်ယူနိုက်တက်အသင်းရဲ့ ဥက္ကဌဖြစ်သူ အန်ဒရီယာရေဒရာဇနီဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်တုန်းက ဝါရင့်ဆွီဒင် တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ကို ခေါ်ယူဖို့အတွက် သူတို့အသင်းနဲ့ ကစားသမားတို့ရဲ့ကြားမှာ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းဖြစ်ပြီး အပြီးသတ်ခေါ်ယူနိုင်ဖို့မှာပဲ အဆင်မပြေခဲ့တာလို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ ဆောင်းရာသီတုန်းက မိုဗစ်အပြင် ကာဗာနီကိုပါ ခေါ်ယူဖို့အထိ ကြိုးပမ်းခဲ့သေးတယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ယခင်တုန်းက ဘောလုံးလောကအတွင်းမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ကိုတောင် ပြန်လည်တတ်လှမ်းနိုင်ခြင်းမရှိတော့တဲ့ လိဒ်ယူနိုက်တက်အသင်းဟာ လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ကို ပြန်ရောက်လာနိုင်ဖို့အတွက် ဆောင်းစျေးကွက်အတွင်း မိုဗစ်လို ထိပ်တန်းကစားသမားတစ်ဦးနှစ်ဦးခန့် ခေါ်ယူဖို့အတွက် ကြိုးစားခဲ့သေးတယ်လို့ အသက်(၄၅)နှစ်အရွှယ်ရှိ လိဒ်ယူနိုက်တက်အသင်း ဥက္ကဌကနေ ဝန်ခံပြောဆိုလိုက်ပါတယ်။ ရေဒရာဇနီက “ကာဗာနီလား။ ပီအက်စ်ဂျီအသင်းရဲ့ဥက္ကဌဖြစ်သူနဲ့ ဆွေးနွေးခဲ့ပြီး ကစားသမားရဲ့အေးဂျင့်ဖြစ်တဲဲ့ သူ့အကိုနဲ့ ဆက်လက်ဆွေးနွေခိုင်းတယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး”

Photo Credit : Marca

“ကျွန်တော်မိုဗစ်နဲ့လည်း ဆွေးနွေးပါသေးတယ်။ ကျွန်တော်တို့အသင်းနဲ့ သူပူပေါင်းဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ဆုံးတော့ သူမီလန်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ သူက အရမ်းရိုးသားပါတယ်။ နောက်ရာသီမှာ သူ့ကို ထပ်ခေါ်ဦးမလားဆိုတာကတော့ စျေးကွက်ပေါ်မှာပဲမူတည်တယ်။ မိုဗစ်နဲ့ကာဗာနီတို့ကို ခေါ်ယူဖို့အတွက် လိဒ်နည်းပြဘီယဲလ်ဆာနဲ့ မတိုင်ပင်ခဲ့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့တယ်။ အီဗရာဟီမိုဗစ်နဲ့ ကာဗာနီတို့နှစ်ယောက်လုံးဟာ လာမယ့်ဇူလိုင်လအစမှာပဲ သူတို့ရဲ့သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးကြတော့မှာဖြစ်ပြီး အသင်းတွေနဲ့လည်း လမ်းခွဲကြတော့မှာဖြစ်လို့ လိဒ်ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ ထပ်မံကြိုးပမ်းမှုတွေကို ထပ်မံပြုလုပ်လာနိုင်ပါတယ်။