MySport Myanmar

ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ သဘောတူညီမှု ရသွားတဲ့ လိဒ်စ်

ဒီနှစ် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားဖြစ်သူ ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို လက်လွတ်ရဖွယ် ရှိနေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဖီးလစ်နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား မာ့ခ်ရိုကာကို ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : Twitter

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းလုနီးပါး ဖြစ်ခဲ့ရပြီးမှ နောက်ဆုံးပွဲစဉ်မှသာ တန်းဆင်းမယ့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတဲ့ လိဒ်စ်အသင်းဟာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ဘရန်ဒန်အာရွန်ဆန်နဲ့ ရက်စ်မုစ်ခရစ္စတန်ဆန်တို့ကို ခေါ်ယူအားဖြည့်ထားခဲ့သလို အခုလည်း ဘိုင်ယန်အသင်းရဲ့ ကွင်းလယ်ကစားသမား မာ့ခ်ရိုကာကိုပါ ထပ်မံခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၂၅)နှစ်အရွယ် မာ့ခ်ရိုကာဟာ အက်စပန်ညိုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ၂၀၁၆ခုနှစ်မှာပဲ အက်စပန်ညို စီနီယာအသင်းအတွက် စတင်ကစားခွင့် ရရှိခဲ့သလို ၂၀၂၀ခုနှစ်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ စပိန်ယူ-၂၁ ကစားသမား ရိုကာဟာ ဘိုင်ယန်မြူးနစ်လို ကစားသမားကောင်းတွေ ပေါများနေတဲ့ အသင်းကြီးမှာ ပုံမှန်ကစားခွင့်တွေ ရရှိဖို့ ရုန်းကန်နေရပြီး အသင်းနဲ့ (၂)ရာသီ ဖြတ်သန်းပြီးချိန်မှာတောင် ပြိုင်ပွဲစုံပွဲပေါသင်း (၂၄)ပွဲသာ ကစားထားရသေးသလို ပြီးခဲ့တဲ့ရာသီမှာလည်း ဘွန်ဒစ်လီဂါ (၄)ပွဲလေးသာ ပွဲထွက်ကစားသမားအဖြစ်နဲ့ ကစားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရိုကာကိုယ်တိုင် အသင်းပြောင်းရွှေ့ချင်နေပြီး သူ့ကိုလည်း လိဒ်စ်ယူနိုက်တက်အသင်းဘက်က (၄)နှစ်စာချုပ်နဲ့ ခေါ်ယူသွားချင်နေပါတယ်။ လက်ရှိမှာ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ လိဒ်စ်အသင်းဟာ ရိုကာကို ခေါ်ယူသွားဖို့ ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘိုင်ယန်ဘက်ကတော့ ရိုကာအတွက် ပြောင်းရွှေ့့ကြေးကို ယူရို(၁၅)သန်း အလိုရှိနေတယ်လို့ သိရပါတယ်။ ရိုကာရဲ့ အပြောင်းအရွှေ့အတွက် အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်လို့နေပြီး ဆွေးနွေးမှုက အခြေအနေကောင်းနေသလို လိဒ်စ်နည်းပြ ဂျက်ဆီမတ်ချ်ကလည်း ရိုကာကို အသင်းဆီ ခေါ်ဆောင်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။

Exit mobile version