MySport Myanmar

ဘာစီလိုနာဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ မလွယ်တဲ့ ထရာအိုရေးကို လိဒ်စ် စိတ်ဝင်စားနေ

ဝုလ်ဗ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့ထားရာကနေ အပြီးသတ် ပြောင်းရွှေ့ဖို့ ခဲယဉ်းနေရတဲ့ စပိန်တောင်ပံကစားသမား အဒါမာထရာအိုရေးကို လိဒ်စ်ယူနိုက်တက်အသင်းက ကြားဖြတ်ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပြီး အနာဂတ် မရေမရာ ဖြစ်လာခဲ့တဲ့ ရာဖင်ညာရဲ့နေရာမှာ ပြန်လည်အစားထိုးဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sun

စပိန်လက်ရွေးစင် တောင်ပံကစားသမား ထရာအိုရေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ သူရဲ့ကလပ်အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ရာသီကုန်အငှား+အပြီးသတ်ပြောင်းရွှေ့ခွင့်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အငှားစာချုပ်က သက်တမ်းပြည့်ခါနီးပြီ ဖြစ်ပေမယ့် ဘာစီလိုနာဘက်က ထရာအိုရေးကို အပြီးသတ် ဝယ်ယူနိုင်ဖို့ ခက်ခဲနေတာကြောင့် ဝုလ်ဗ်အသင်းဆီ ပြန်လွတ်ဖို့သာ ရှိနေရပါတယ်။ ဒီလို အခြေအနေမှာ လိဒ်စ်ယူနိုက်တက်အသင်းက ထရာအိုရေးကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမား ထရာအိုရေးကို အပြီးသတ် ခေါ်ယူသွားချင်ပေမယ့် ဘာစီလိုနာ အသင်းဥက္ကဌ လာပေါ်တာကိုယ်တိုင် အသင်းက ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့် ထရာအိုရေးကို ခေါ်ယူနိုင်မယ့် အရေးကို လက်လျှော့ရဖွယ် ရှိနေရပါတယ်။ ဘာစီလိုနာဟာ ထရာအိုရေးကို အပြီးသတ် ခေါ်ယူချင်နေသလို လိဒ်စ်အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ညာကိုလည်း ခေါ်ယူချင်နေပေမယ့် အသင်းရဲ့ ငွေကြေးပိုင်းဆိုင်ရာမှာ အကျပ်အတည်းတွေ ရှိနေတာကြောင့် free agent ဖြစ်နေရတဲ့ ကစားသမားတွေကိုသာ ဦးစားပေး ခေါ်ယူနေရပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာကိုလည်း အပြီးသတ် ပြောင်းရွှေ့ခွင့်မရ ဝုလ်ဗ်အသင်းဆီကိုလည်း မပြန်သွားချင်တော့တဲ့ ထရာအိုရေးကို လိဒ်စ်ယူနိုက်တက်အသင်းက အလိုရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက တန်းဆင်းရလုနီးပါး ဖြစ်ခဲ့ရတဲ့ လိဒ်စ်အသင်းဟာ လက်ရှိမှာ ရက်ဘူးဆာလ်ဇ်ဘာ့ဂ် ကစားသမား(၂)ဦးကို ခေါ်ယူထားခဲ့သလို ဘိုင်ယန်ကွင်းလယ်လူ မာ့ခ်ရိုကာနဲ့ ရှက်ဖီးကွင်းလယ်လူ ဆန်ဒါဘာဂါတို့ကိုပါ ခေါ်ယူဖွယ် ရှိနေရပါတယ်။

Exit mobile version