ပရီးမီးယားလိဂ်ပြိုင်ပွဲကို နှစ်ပေါင်းများစွာအကြာမှ ပြန်လည်တန်းတတ်လာခွင့် ရရှိခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ကြာမြင့်စွာ ဆက်လက်ကျန်ရစ်နေဖို့အတွက် ကစားသမားအင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လျက်ရှိနေရာ အခုလက်ရှိမှာတော့ ဗလင်စီယာအသင်းက စပိန်တိုက်စစ်ကစားသမား ရိုဒရီဂိုနဲ့ အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားလေး ဆမ်ဂရင်းဝုဒ်တို့နှစ်ယောက်စလုံးကို ခေါ်ယူနိုင်ဖို့ အတော်လေးကို နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Youtube

လိဒ်စ်ယူနိုက်တက်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဥရောပအတွေ့အကြုံရင့် တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား ရိုဒရီဂိုမော်ရီနိုကို ခေါ်ယူသွားဖို့ နောက်ဆုံးအခြေအနေလောက်ထိကို ရောက်ရှိလို့နေပြီး ဗလင်စီယာအသင်းဘက်နေပါ ရိုဒရီဂိုကိုရောင်းချဖို့ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ သူတို့အသင်းတို့ကြားမှာ သဘောတူညီမှု ရယူထားခဲ့ပြီးပြီဆိုတာကိုပါ သူတို့ရဲ့တွစ်တာပေါ်ကနေ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် မကြာခင်မှာပဲ ရိုဒရီဂိုကို လိဒ်စ်ယူနိုက်တက်ရဲ့ကစားသမားသစ်တစ်ယောက် ဖြစ်လာတော့မှာဖြစ်သလို နောက်ထပ်ကစားသမားတစ်ယောက်ကိုလည်း ခေါ်ယူနိုင်ပါတော့မယ်။

Photo Credit : Just Arsenal

နောက်ထပ်ကစားသမားလေးကတော့ အသက်(၁၈)နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားလေး ဆမ်ဂရင်းဝုဒ်ဖြစ်ပါတယ်။ ဆန်းဒါလန်းလူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အာဆင်နယ်လူငယ် တိုက်စစ်ကစားသမားလေး ဆမ်ဂရင်းဝုဒ်ကို အေစီမီလန်နဲ့ အာဆင်နယ်ရဲ့ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေတာဖြစ်ပေမယ့် ဒီအသင်းတွေအားလုံးထက် လိဒ်စ်ယူနိုက်တက်အသင်းက လက်ဦးရယူနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင်(၁.၅)သန်းနဲ့ ကမ်းလှမ်းထားခဲ့ရာ အာဆင်နယ်ဘက်က လက်ခံဖွယ်ရှိနေပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမား အက်ဒီဆင်ကာဗာနီကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ဖို့ ဆက်လက်ကမ်းလှမ်းမှုတွေကိုပါ လုပ်ဆောင်လျက်ရှိနေပါတယ်။ လိဒ်စ်အသင်းဟာ လတ်တလောမှာတော့ မန်စီးတီးအသင်းရဲ့တောင်ပံကစားသမား ဂျက်ဟယ်ရီဆန်ကို နောက်ထပ်တစ်ရာသီ အငှားနဲ့ခေါ်ယူထားခဲ့ပြီး ဝီဂန်အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဂျိုးဂယ်ဟတ် လင်းဖီးလ်ကွင်းလယ်ကစားသမား ချာလီအယ်လန်နဲ့ ဖူလ်ဟမ်လူငယ်ကစားသမားလေး ကိုဒီဒရာမတ်ချ်တို့ကိုလည်း အပြီးသတ်ခေါ်ယူထားနိုင်ခဲ့ပါတယ်။