MySport Myanmar

ဟာလန်းကို ရပ်တန့်နိုင်ဖို့ဆိုရင် ကံကောင်းနေမှ ဖြစ်မယ်လို့ ဂျက်ဆီမတ်ချ် ဝန်ခံ

မန်ချက်စတာစီးတီး တိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ ဒီကနေ့ညမှာတော့ သူရဲ့ boyhood ကလပ်အသင်း လိဒ်စ်ယူနိုက်တက်နဲ့ သူနဲ့အတူ သြစတြီးယားကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း ဂျက်ဆီမတ်ချ်တို့ကို ပြိုင်ဘက်တွေအဖြစ်နဲ့ ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Leeds Live

နော်ဝေနိုင်ငံသား ဖြစ်ပေမယ့် ဖခင်ဖြစ်သူ Alfie က လိဒ်စ်ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း သူ့ကို လိဒ်စ်မှာပဲ မွေးဖွားခဲ့ရာကနေ ဟာလန်းက လိဒ်စ် ပရိသတ်တစ်ဦး ဖြစ်လာခဲ့ရသလို အခုတော့ ကိုယ်အားပေးခဲ့တဲ့ အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ဟာလန်းကို ဘောလုံးပရိသတ်တွေ စတင် သတိထားမိလာအောင် စင်တင်ပေးနိုင်ခဲ့တဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ဟာလန်းရဲ့ ဆရာသမားဖြစ်ခဲ့သူ လက်ရှိ လိဒ်စ်နည်းပြ ဂျက်ဆီမတ်ချ်နဲ့ပါ ပြန်လည် ရင်ဆိုင်ရတော့မှာဖြစ်ပြီး လတ်တလောမှာ တားမရဆီးမရအောင် ခြေစွမ်းပြနေတဲ့ ဟာလန်းကို ဟန့်တားနိုင်ဖို့ဆိုရင် သူ့အသင်းက ကံကောင်းဖို့ လိုအပ်နေလိမ့်မယ်လို့လည်း မတ်ချ်က ဝန်ခံ ပြောကြားလာခဲ့ပါတယ်။

Photo Credit : Daily Mail

“ကျွန်တော် အာလင်းနဲ့ အတူရှိခဲ့တဲ့ အချိန်တွေက အရမ်းကို ထူးခြားပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ မယုံနိုင်လောက်စရာ ရင်းနှီးကျွမ်းဝင်မှုလည်း ရှိခဲ့ပါတယ်။ ယေဘုယျအားဖြင့်ဆိုရင်တော့ ကျွန်တော်တို့တွေ ကြိုးစားလုပ်ဆောင်ရမယ့် ကိစ္စတွေအတွက် စိတ်ကူးထားတာတွေ ရှိထားပေမယ့်လည်း တချို့အခိုက်အတန့်တွေမှာ သူ့ကို ဟန့်တားဖို့ ထိန်းချုပ်နိုင်ဖို့အတွက် ကံတရားလည်း လိုအပ်နေပါလိမ့်မယ်။ သူနဲ့ ကျွန်တော်တို့ကြားက ဆက်ဆံရေးတွေက ကျွန်တော်တို့နှစ်ယောက်လုံးအတွက် နည်းနည်းလောက်တော့ ကူညီပေးပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတွေဟာ ဟာလန်းရဲ့ဖခင်ဖြစ်သူ ပါဝင်ကစားထားခဲ့ဖူးတဲ့ ကလပ်အသင်းတွေဖြစ်ပြီး လက်ရှိ ဟာလန်းက မန်စီးတီး ကစားသမား ဖြစ်နေချိန်မှာ လိဒ်စ်နဲ့ ထိပ်တိုက် ရင်ဆိုင်သွားရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။ ပရီးမီးယားလိဂ် တာထွက်မှာ (၁၃)ပွဲကစားလို့အပြီး (၁၈)ဂိုးအထိပင် သွင်းယူထားနိုင်ခဲ့တဲ့ နော်ဝေဂိုးသွင်းစက် ဟာလန်းကို ဟန့်တားဖို့ဆိုတာ လိဒ်စ်ခံစစ်မှူးတွေနဲ့ ဂိုးသမားမယ်လီယေတို့အတွက် တကယ်ကို မဖြစ်နိုင်လောက်စရာ အခြေအနေမျိုး ဖြစ်နေတာကြောင့် တပည့်ဟောင်း ဟာလန်းကို ထိန်းချုပ်နိုင်ဖို့ဆိုရင် သူ့အသင်းသားတွေအနေနဲ့ ကံတရားရဲ့ အထောက်အပံ့ပါ လိုအပ်လိမ့်မယ်လို့ မတ်ချ်က ပြောဆိုလာခဲ့ရတာ ဖြစ်ပါတယ်။

Exit mobile version