နှစ်ပေါင်း(၁၆)ကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းခွင့်ရလာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကတော့ အသင်းအတွက် ကစားသမားသစ် အားဖြည့်ခေါ်ယူမှုတွေ လုပ်ဆောင်လျက်ရှိနေပြီး အခုအချိန်မှာလည်း အီတလီစီးရီးအေကလပ် အူဒီးနီးစ်အသင်းရဲ့အာဂျင်တီးနားကွင်းလယ်ကစားသမား ရိုဒရီဂိုဒီပေါလ်ကိုပါ ထပ်မံခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေကို ပြုလုပ်လျက်ရှိနေပြီလို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီပေါလ်ဟာ ကွင်းလယ်တိုက်စစ်နေရာမှာ ခြေစွမ်းပြကစားနိုင်သူဖြစ်ပြီး မီလန်နှစ်သင်းလုံးရဲ့ပစ်မှတ်ထားမှုကို ရရှိထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က မီလန်အသင်းတွေထက် သူနဲ့တစ်နိုင်ငံသားတွေဖြစ်တဲ့ ဝါရင့်အာဂျင်တီးနားလူမျိုး နည်းပြကြီးဘီယဲလ်ဆာရဲ့လက်အောက်မှာသာ ကစားချင်နေတဲ့အတွက် လိဒ်စ်အသင်းကိုသာ ရွေးချယ်ဖွယ်ရှိနေပြီး လိဒ်စ်အသင်းဘက်ကနေလည်း ဒီပေါလ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်းခန့်နဲ့ ကမ်းလှမ်းသွားဖို့ အဆင့်သင့်ရှိလို့နေပါတယ်။

Photo Credit : Daily Mail

လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ ဒီရက်ပိုင်းလေးအတွင်းမှာပဲ အသင်းအတွက် အဓိကလူခေါ်မှုတွေကို ဆက်တိုက်ပြုလုပ်ထားခဲ့ပြီး ဗလင်စီယာအသင်းရဲ့စပိန်တိုက်စစ်ကစားသမား ရိုဒရီဂိုမော်ရီနိုကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၂၇)သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ဖရိုင်းဘတ်အသင်းရဲ့ဂျာမန်နောက်ခံကစားသမား ရော်ဘင်ကော့ချ်ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် ကစားသမားသစ်ခေါ်ယူမှုတွေကို ဆက်တိုက်လုပ်ဆောင်ထားခဲ့ပေမယ့်လည်း လိဒ်စ်ဘက်က နောက်ထပ်ကစားသမားသစ်တွေကို ဆက်လက်ခေါ်ဆောင်ဖို့ ကြိုးပမ်းလျက်ရှိနေသေးပြီး ဒီပေါလ်နဲ့ ဒိုင်နမိုဇာဂရက်ဇ်အသင်းရဲ့ခရိုအေးရှားဗဟိုနောက်ခံကစားသမား ဂျိုစကိုဂါဗာဒီယိုတို့ကိုပါ ခေါ်ယူသွားဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ မကြာသေးခင် ရက်ပိုင်းအတွင်းကလည်း အာဆင်နယ်အသင်းရဲ့လူငယ်တိုက်စစ်ကစားသမား ဆမ်ဂရင်းဝုဒ်ကိုပါ ခေါ်ယူထားနိုင်ခဲ့ပြီး ချာလီအယ်လန် ကိုဒီဒရာမတ် ဂျိုးဂေဟတ် ဗန်ဒန်ဟူအယ်ဗာတို့လို လူငယ်ကစားသမား(၄)ယောက်လောက် အားဖြည့်ခေါ်ယူထားခဲ့ပါတယ်။