ဘတ်စကက်ဘော ကစားသမား လီဘရွန် ဂျိမ်းကတော့ သူ သဘောကျတဲ့ ကစားသမားတွေကို ပြောခဲ့ရာမှာ လီဗာပူးလ်အသင်းရဲ့ ကစားသမားတိုင်းကို သဘောကျတယ်လို့ ပြောခဲ့ပါတယ်။ အသက် (၃၅) နှစ်အရွယ် လီဘရွန်ဟာ ဘတ်စကက်ဘော ကစားသမား ဖြစ်နေပေမဲ့ သူဟာ ကမ္ဘာ့ အကောင်းဆုံး အားကစားသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပါတယ်။ လီဘရွန်ဟာ ဘက်စကက်ဘော ကစားသမားဘဝကို အမေရိကန်နိုင်ငံက “Cleveland Cavaliers” အသင်းမှာ စတင်ခဲ့ပြီး လက်ရှိမှာတော့ “Los Angeles Lakers”အသင်းမှာ ကစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လီဘရွန် ဂျိမ်းဟာ လက်ရှိမှာ “Los Angeles Lakers” အသင်းအတွက် ကစားနေတာ ဖြစ်ပေမဲ့ ဘတ်စကက်ဘော ပြိုင်ပွဲကို ရပ်နားထားတာကြောင့် အနားယူနေလျက် ရှိနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံနေရတဲ့ နိုင်ငံ ဖြစ်တာကြောင့် ဘောလုံး ပြိုင်ပွဲ၊ ဘတ်စကက်ဘော ပြိုင်ပွဲ နဲ့ အခြား ပြိုင်ပွဲများစွာကို ယာယီ ခေတ္တ ရပ်နားထားပြီ ဖြစ်ပါတယ်။ ဘတ်စကက်ဘော ကစားသမား လီဘရွန်ဟာ သူ့ရဲ့ အင်စတာဂရမ်မှာ သူ သဘောကျနေတဲ့ ကစားသမားတွေကို ရေးခဲ့ရာမှာ လီဗာပူးလ် တစ်သင်းလုံးကို ကြိုက်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

လီဘရွန် ဂျိမ်းက “ကျွန်တော် သဘောကျတဲ့ ကစားသမားတွေလား။ ကစားသမားတွေထဲက အချို့လူတွေကို သဘောကျပါတယ်။ အချို့ တကယ် ကောင်းမွန်ကြတဲ့ ကစားသမားတွေပေါ့။ ပထမဆုံး ပြောရရင် ကျွန်တော် လီဗာပူးလ်အသင်းရဲ့ ကစားသမားတိုင်းကို သဘောကျတယ်။ ပြတ်သားစွာ ပြောရရင်တော့ လီဗာပူးလ်အသင်းက ကစားသမားတိုင်းကို သဘောကျပါတယ်။ အမ်ဘာပေ၊ နေမာ နဲ့ ရော်နယ်ဒိုတို့ သူတို့တွေဟာ ဂန္တဝင် ကစားသမားတွေပါပဲ။ ကျွန်တော် သူတို့တွေကို သဘောကျပါတယ်။ ကျွန်တော် ရော်နယ်ဒိုကို သဘောကျပါတယ်။ ကျွန်တော် နေမာကို သဘောကျပါတယ်။ အမ်ဘာပေကို သဘောကျပါတယ်။ ကစားသမားတွေထဲကမှ သူတို့တွေက အချို့တွေပဲပေါ့။ မက်ဆီလာ။ သေချာတာပေါ့။ သူက ဂန္တဝင် ကစားသမားပါ။ ဇလာတန်က ရူးကြောင်ကြောင် ဆိုပေမဲ့ သူလည်း တော်သားပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။