ချယ်လ်ဆီး ကစားသမားဟောင်းကြီး ဖရန့် လီဘော့ဖ်က သူရဲ့အသင်းဟောင်းအနေနဲ့ ကစားသမားဟောင်းဖြစ်သူ ပြင်သစ် ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေကို အသင်းဆီ ပြန်လည် ခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
အသက် (၃၃)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့် ကွင်းလယ်ကစားသမားကြီး ကန်တေဟာ ပြီးခဲ့တဲ့နွေကမှ ချယ်လ်ဆီးကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး အယ်လ်အစ်တီဟတ်မှာ ခြေစွမ်းလည်း ပြနိုင်ခဲ့သလို ပြင်သစ်အသင်းနဲ့အတူ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။
Photo Credit : Chelsea Football Club
ကွင်းလယ်ခံစစ် ကစားသမား ကန်တေဟာ လက်စတာနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီး နောက်တစ်ရာသီမှာပဲ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိခဲ့ကာ ချယ်လ်ဆီးမှာလည်း အောင်မြင်မှုတွေများစွာ ရယူနိုင်ခဲ့သလို ချယ်လ်ဆီးရဲ့ ကွင်းလယ်ပိုင်းကိုလည်း အကောင်းဆုံး မောင်းနှင်ပေးနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် (၇)နှစ်ကြာ ပါဝင်ကစားခဲ့တဲ့ ကန်တေဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ယူရိုပါလိဂ်ဖလား ဥရောပစူပါဖလား ကလပ်ကမ္ဘာ့ဖလား ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလားတို့ကို ပိုင်ဆိုင်ခဲ့သလို ချယ်လ်ဆီးမှာ ရှိနေစဉ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလား နေးရှင်းလိဂ်စ်ဖလားတို့ကိုပါ ဆွတ်ခူးခဲ့ပါသေးတယ်။
Photo Credit : SPORTbible
လက်ရှိ အသက်အရွယ်အထိလည်း အကောင်းဆုံး ခြေစွမ်းပြသနေတဲ့ ကန်တေကို ဘာစီလိုနာ ဝက်စ်ဟမ်းတို့လို အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြသလို ဘောလုံးသမားဟောင်းကြီး လီဘော့ဖ်ကလည်း ချယ်လ်ဆီးအသင်းအနေနဲ့ ကစားသမားဟောင်း ကန်တေကို အသင်းထံ ပြန်လည် ခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။
“ကျွန်တော် သူ့ကို ဝက်စ်ဟမ်းအသင်းမှာ ကစားနေတာကို မမြင်တွေ့ချင်ပါဘူး။ တကယ်လို့ ဝက်စ်ဟမ်းသာ သူ့ကို ရသွားမယ်ဆိုရင် ယူရိုမှာတုန်းက ပြသခဲ့တဲ့ ခြေစွမ်းကောင်းတွေအရ သူဟာ ဝက်စ်ဟမ်း ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်ပါလိမ့်မယ်။ ချယ်လ်ဆီးက သူ့ကို ဘာကြောင့် ပြန်မခေါ်တာလဲဆိုတာ တွေးမိတယ်။ သူက ချယ်လ်ဆီးကနေ လာခဲ့တဲ့ ကစားသမားမို့ ပြန်ခေါ်သင့်ပါတယ်။” လို့ လီဘော့ဖ်က မှတ်ချက်ပြုလိုက်ပါတယ်။