ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဖရန့် လီဘော့ဖ်ကတော့ ပေါ်တူဂီအသင်းအနေနဲ့ လာမယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လာဖို့အတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ချန်လှပ်ထားမှ ဖြစ်မယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင် ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၁၆တုန်းက ပြင်သစ်အသင်းကို အချိန်ပိုမှာ အနိုင်ဂိုးသွင်းယူပြီး ချန်ပီယံ ဖြစ်ထားခဲ့သလို UEFA Nations League ပြိုင်ပွဲမှာလည်း ပထမဆုံးသော ချန်ပီယံအသင်းအဖြစ်ပါ မှတ်တမ်းဝင်ထားခဲ့ပါတယ်။

Photo Credit : Indy 100

အခုလည်း ရော်နယ်လ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီအသင်းဟာ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ယူရို-၂၀၂၄ပြိုင်ပွဲထဲ ချန်ပီယံဖြစ်ဖို့ ရေပန်းစားလျက် ရှိလို့နေပေမယ့် ပြင်သစ်ကစားသမားဟောင်းကြီး လီဘော့ဖ်ကတော့ ပေါ်တူဂီအသင်းက ရော်နယ်လ်ဒို မပါမှပဲ ချန်ပီယံ ဖြစ်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

“ကျွန်တော်ကတော့ ပေါ်တူဂီအသင်း ယူရိုမှာ ထပ်ပြီး ဗိုလ်စွဲနိုင်ဦးမယ်လို့ အတိအကျ ထင်မြင်ယူဆမိပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဖြစ်လာဖို့ ဆိုရင်တော့ ရော်နယ်လ်ဒို မကစားမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။” လီဘော့ဖ်က သူရဲ့ ထင်မြင်ချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Football365

ဒါ့အပြင် လီဘော့ဖ်က မကြာသေးခင်ကမှ ရော်နယ်လ်ဒိုရဲ့ ပြောစကားတစ်ခုဖြစ်တဲ့ ဆော်ဒီလိဂ်က ပြင်သစ်လိဂ်ထက်ကို ပိုကောင်းတယ်ဆိုတဲ့ မှတ်ချက်စကားအပေါ်မှာလည်း လုံးဝ လက်ခံနိုင်ခြင်း မရှိတာကြောင့် ပြန်လည် တုံ့ပြန်ပြောဆိုမှုတွေပါ လုပ်ဆောင်ထားပါသေးတယ်။

ဆော်ဒီလိဂ်က ပြင်သစ်လိဂ်ထက် ပိုကောင်းတယ်လို့ ရော်နယ်လ်ဒို ပြောခဲ့တာက သူရဲ့ပြိုင်ဘက် လီယွန်နယ် မက်ဆီ ဒီပြင်သစ်လိဂ်မှာ ကစားခဲ့တာကြောင့်သာ အခုလို ပြောဆိုနေတာလို့ လီဘော့ဖ်က တုံ့ပြန်ခဲ့ပြီး ဒီလို ပြောဆိုမှုဟာလည်း ပြင်သစ်လိဂ်အတွက် မတရားတဲ့ ပြောဆိုချက် ဖြစ်တာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ပါးစပ်ပိတ်ထားဖို့ လိုအပ်တယ်လို့ပါ လီဘော့ဖ်က သတိပေးသွားခဲ့ပါတယ်။