အေစီမီလန်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမား ရာဖယ်လ် လီယာအိုက သူ့အနေနဲ့ ဆော်ဒီပရိုလိဂ်မှာ သွားရောက် ကစားဖို့ စိတ်ဝင်စားခြင်း မရှိပဲ ဥရောပ ဘောလုံးနယ်ပယ်မှာသာ ဆက်လက် ကျင်လည်သွားဖို့သာ ရှိတယ်လို့ ပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေမှာ ဥရောပက ကစားသမားကောင်းတွေကို တသီတသန်းကြီး ခေါ်ယူထားခဲ့တဲ့ ဆော်ဒီလိဂ် ကလပ်အသင်းတွေက မီလန်ရဲ့ အဓိက ကစားသမား လီယာအိုကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး ဒါပေမယ့် လီယာအိုကတော့ ဒီကြိုးပမ်းမှုကို ပယ်ချခဲ့ပါတယ်။

Photo Credit : Twitter

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လီယာအိုက “ဆော်ဒီလိဂ်ရဲ့ ကမ်းလှမ်းမှုကလား။ ကျွန်တော့်အတွက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားရတာက ယူရို (၁၀)သန်းတန် လစာထက်ကို ပိုပြီး တန်ဖိုးရှိပါတယ်။”

“အေစီမီလန်အသင်းမှာ ကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်သွားနိုင်ဖို့အတွက်ကိုသာ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ လအနည်းငယ်ခန့်ကတည်းက မီလန်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sport Brief

ဆော်ဒီလိဂ်အနေနဲ့ကလည်း လီယာအိုလို ကစားသမားမျိုးကို သူတို့လိဂ်ဆီ မခေါ်ဆောင်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်ကမှ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကစားသမားကြီးကို ခေါ်ဆောင်ထားနိုင်ခဲ့သလို ဒီနွေမှာလည်း ကစားသမား အများအပြားကို ခေါ်ယူထားပါသေးတယ်။

နေမာ မာနေး ဘန်ဇီမာ ကန်တေ မာရက်ဇ် ဖာဘင်ဟို ဟန်ဒါဆန် ဘိုနို မီလင်ကိုဗစ်ဆာဗစ် ကူလီဘလီ ဖာမီနို စိန့်မက်ဆီမန် နေးဗက်စ် ဘရိုနိုဗစ် လာပေါ့တ် တဲလက်စ် အစရှိတဲ့ ကစားသမားတွေကို ခေါ်ယူထားနိုင်တဲ့ ဆော်ဒီလိဂ်ဟာ ဒီနွေမှာ ပရီးမီးယားလိဂ်ပြီးရင် ဒုတိယမြောက် ငွေသုံးအကြမ်းဆုံး လိဂ်အဖြစ် ရပ်တည်နေပါတယ်။