၂၀၂၁-၂၀၂၂ ဘောလုံးရာသီဟာလည်း တဖြည်းဖြည်းနဲ့ ဇာတ်သိမ်းလုနီးပါး ဖြစ်လာခဲ့ရပါပြီ။ ဒီအချိန် အမှတ်ပေးလိဂ် တော်တော်များများမာ ချန်ပီယံအသင်းတွေ ပေါ်ထွက်နေကြပြီ ဖြစ်သလို တချို့လိဂ်တွေမှာကလည်း ချန်ပီယံဆုအတွက် ရာသီနောက်ဆုံးပွဲထိ တိုက်ပွဲဝင်နေရဦးမယ့် အခြေအနေတွေ ရှိနေကြပါတယ်။ ဒါပေမယ့် အင်္ဂလန်ရဲ့ လိဂ်ချန်ပီယံရှစ်မှာတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတတ်ခွင့် ရရှိထားတဲ့ ဖူလ်ဟမ်အသင်းက ရာသီမပြီးဆုံးခင် တစ်ပွဲအလိုမှာ ချန်ပီယံရှစ်ရဲ့ ချန်ပီယံဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ရသလို သူတို့အသင်းရဲ့ တိုက်စစ်ကစားသမား မီထရိုဗစ်ဟာလည်း တစ်ရာသီလုံးမှာ အသင်းအတွက် (၄၃)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Image

Photo Credit : Twitter

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကို တတ်လိုက်ဆင်းလိုက် လုပ်နေတဲ့ ဖူလ်ဟမ်အသင်းဟာ မနေ့ညက လူတန်တောင်းအသင်းကို (၇)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကြီး အနိုင်ရလိုက်တဲ့အတွက် ရမှတ်(၉၀) ရရှိသွားခဲ့ပြီး ဒုတိယနေရာက ဘုန်းမောက်ကို တစ်ပွဲအသာနဲ့ (၈)မှတ်ထိ ဖြတ်တောက်နိုင်ခဲ့သလို ရာသီကုန်ဆုံးဖို့ကလည်း (၂)ပွဲပဲ ကျန်ရှိတော့တဲ့အတွက် ဘုန်းမောက်အနေနဲ့ ဖူလ်ဟမ်ကို ကျော်ဖြတ်နိုင်ဖို့ မဖြစ်နိုင်တော့ပဲ ဖူလ်ဟမ်ကသာ ချန်ပီယံရှစ်ရဲ့ ချန်ပီယံအသင်း ဖြစ်သွားခဲ့ရပါတယ်။ ဒါဟာ ဖူလ်ဟမ်အသင်းအနေနဲ့ နှစ်ပေါင်း(၂၁)နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ ဆုဖလားအောင်မြင်မှုတစ်ခု ဖြစ်ခဲ့ရတာကြောင့် သူတို့အသင်းအတွက် အချိုမြိန်ဆုံးသော ဘောလုံးရာသီတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

Image

Photo Credit : Twitter

ဖူလ်ဟမ်အသင်းဟာ ချန်ပီယံရှစ်ရဲ့ ချန်ပီယံ ဖြစ်ခဲ့သလို တစ်ရာသီလုံးမှာလည်း အသင်းက ဂိုးပေါင်း(၁၀၆)ဂိုးအထိကို ပယ်ပယ်နယ်နယ် သွင်းယူထားနိုင်ခဲ့ပါတယ်။ အဲ့ဒီ(၁၀၆)ဂိုးမှာ သွင်းဂိုးပေါင်း(၄၃)ဂိုးကိုတော့ ဖူလ်ဟမ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဘီးယား တိုက်စစ်မှူးကြီး အလက်ဆန်းဒါးမီထရိုဗစ် တစ်ဦးတည်းကသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပါတီဇန် အန်ဒါလက်ချ် နယူးကာဆယ်အသင်းတွေရဲ့ ကစားသမားဟောင်း မီထရိုဗစ်က လက်ရှိမှာ သူရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိလို့နေပြီး သူရဲ့သွင်းဂိုးတွေနဲ့ပဲ အသင်း ချန်ပီယံဖြစ်ဖို့ ပရီးမီးယားလိဂ်ဆီ ပြန်လည်တတ်ရောက်နိုင်ဖို့ တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ မီထရိုဗစ်အနေနဲ့ ဒီရာသီမတိုင်ခင်မှာ တစ်ရာသီအတွင်း သွင်းဂိုး(၂၆)ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်လို့ ဒီရာသီက သူရဲ့ကစားသမားဘဝထဲမှာတော့ အကောင်းဆုံးသော ရာသီတစ်ခုလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် မီထရိုဗစ်ဟာ ချန်ပီယံရှစ်မှာသာ ဂိုးမြူးတတ်နေတဲ့ ပရီးမီးယားလိဂ်မှာတော့ စုစုပေါင်း (၁၀၄)ပွဲ ကစားထားပြီး (၂၆)ဂိုးသာ သွင်းယူထားနိုင်သေးလို့ လာမယ့်ရာသီမှာ သူရဲ့ ဂိုးသွင်းအားတွေနဲ့ ဖူလ်ဟမ်အသင်းကို ပရီးမီးယားလိဂ်ကနေ ချက်ချင်း တန်းပြန်မဆင်းသွားအောင် ကူညီနိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။