MySport Myanmar

အေစီမီလန် အသင်းခေါင်းဆောင် ရိုမက်ဂ်နိုလီကို အလွတ်နဲ့ ခေါ်ယူတော့မယ့် လာဇီယို

အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လာဇီယိုက ယခုလ အစမှာပဲ စီးရီးအေ ချန်ပီယံ အေစီမီလန်နဲ့ လမ်းခွဲထားတဲ့ ဗဟိုခံစစ်မှူး ရိုမက်ဂ်နိုလီကို အလွတ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် အီတလီ လက်ရွေးစင် ဗဟိုခံစစ်မှူး ရိုမက်ဂ်နိုလီက ရိုးမားကနေ အေစီမီလန်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး အေစီမီလန်အတွက် ပြိုင်ပွဲစုံမှာ ၂၄၇ပွဲ အထိ ပါဝင် ကစားပေးခဲ့ကာ စီးရီးအေ ဆုဖလား ၁ကြိမ်နဲ့ အီတလီ စူပါဖလား ၁ကြိမ်တို့ကို ရရှိခဲ့ပါတယ်။

Photo Credit: Reutir

ရိုမက်ဂ်နိုလီက အေစီမီလန်ရဲ့ အသင်းခေါင်းဆောင် အဖြစ် ဦးဆောင် ပါဝင် ကစားပေးခွင့် ရခဲ့တဲ့ အထိ အသင်းအတွက် အဓိကကျတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပေမယ့် အေစီမီလန်ရဲ့ တာဝန်ရှိသူ တချို့နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းနဲ့ စာချုပ်သစ် မချုပ်တော့ပဲ အသင်းကနေ ထွက်ခွာခဲ့တာပါ။

အေစီမီလန်နဲ့ လမ်းခွဲပြီးတဲ့နောက် ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ် အပါအဝင် ဥရောပ ကလပ်တွေက ရိုမက်ဂ်နိုလီကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် ရိုမက်ဂ်နိုလီကတော့ မွေးရပ်မြေ အီတလီမှာသာ ဆက်လက် ကစားချင်တာကြောင့် စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့ပါတယ်။

Photo Credit: Reutir

 

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရိုမက်ဂ်နိုလီက ယမန်နေ့ ညပိုင်းမှာပဲ လာဇီယိုထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ပြီး လာဇီယိုက ရိုမက်ဂ်နိုလီကို မြင့်မားတဲ့ လုပ်ခလစာ တရပ်နဲ့အတူ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကြောင်း သိရပါတယ်။

Exit mobile version