လာဇီယိုအသင်းက အသင်းနည်းပြရာထူးကနေ နုတ်ထွက်တော့မယ့် နည်းပြကြီး မော်ရီဇီယို ဆာရီရဲ့နေရာမှာ ယာယီ အစားထိုးဖို့အတွက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ကလိုဆေးကို ယာယီနည်းပြအဖြစ် ခန့်အပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

လာဇီယိုအသင်းဟာ အခု နောက်ပိုင်ကစားခဲ့တဲ့ ပွဲစဉ်တွေထဲမှာ ရလဒ်တွေက တောက်လျှောက်ကို ဆိုးရွှားနေရပြီး ဖီအိုရင်တီးနား အေစီမီလန် ဘိုင်ယန်မြူးနစ်နဲ့ အူဒီးနီးစ်တို့ကို (၄)ပွဲဆက်တိုက်အထိ ရှုံးနိမ့်ထားခဲ့ရပါတယ်။

Photo Credit : Get Italian Football News

ဒီလို အခြေအနေတွေအပြင် အသင်းက လက်ရှိမှာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာထိပါ ရောက်ရှိနေရသလို ချန်ပီယံလိဂ်မှာ ရှုံးထွက် (၁၆)သင်းအဆင့်မှာလည်း ဘိုင်ယန်ကို ရှုံးနိမ့်ရင်း (၁၆)သင်းအဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရပါတယ်။

အဲ့ဒီလို အခြေအနေတွေကြောင့် အသင်းရဲ့ ဝါရင့်နည်းပြကြီး ဆာရီက အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်ဖို့ လာဇီယိုအသင်း တာဝန်ရှိသူတွေထံ အကြောင်းကြားထားပြီး လက်ရှိအချိန်ထိတော့ လာဇီယိုနဲ့ ဆာရီတို့ လက်တွဲဖြုတ်ပြီဆိုတာကို တရားဝင် မထုတ်ပြန်သေးပေမယ့် ဆာရီနေရာအတွက် ယာယီ အစားထိုးဖို့ ရှာတွေ့နေပြီပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports Austria

အဲ့ဒီလူကတော့ လာဇီယိုအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဖြစ်ခဲ့တဲ့ တိုက်စစ်မှူးကြီး ကလိုဆေးပါ။ လာဇီယိုအသင်းမှာ ၂၀၁၁ကနေ ၂၀၁၆ခုနှစ်အထိ ပါဝင်ကစားခဲ့ရင်း လာဇီယိုမှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့တဲ့ ကလိုဆေးဟာ ၂၀၁၆နောက်ပိုင်းကတည်းက နည်းပြအဖြစ် ကျင်လည်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးသလို ဘိုင်ယန် ယူ-၁၇နဲ့ သြစတြီးယားကလပ် ရိုင်းဒေါ့ဖ်မှာပါ နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ကလိုဆေးကို သူ့အသင်းဟောင်း လာဇီယိုက ဒီရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးဖို့ ရှိနေရာ ဒါကို ကလိုဆေးအနေနဲ့ လက်ခံသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။