အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ လာဇီယို အသင်းဟာ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပါရဲယားကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ် နေကြောင်း နာမည်ကြီး သတင်းသမား တစ်ဦး ဖြစ်တဲ့ Fabrizio Romano က အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၄ နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် ကွင်းလယ်လူ ပါရဲယားဟာ မန်ယူအသင်း အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး လူငယ် ကစားသမား ဘဝမှာ စပိန် လာလီဂါ ကလပ်တွေ ဖြစ်တဲ့ ဂရန်နာဒါ အသင်း ၊ ဗလင်စီယာ အသင်းတွေဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားဖူးသူ တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ပါရဲယားဟာ မန်ယူအသင်းဆီ ပြန်လည် ရောက်ရှိ လာပြီးနောက်မှာ ပုံမှန်ခြေစွမ်းကောင်း တစ်ခုကို ပြသနိုင်ဖို့ ရုန်းကန် ခဲ့ရပြီး နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ် အစီအစဉ်တွေ ထဲမှာ မပါဝင်တော့တဲ့ ကစားသမား အဖြစ် သတ်မှတ် ခံခဲ့ရကာ ယခုနှစ် နွေစျေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူ တစ်ဦးပါ။ လက်ရှိမှာတော့ လာဇီယိုအသင်း ဟာ ပါရဲယားကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ စတင် ပြုလုပ် လာခဲ့ပြီး မန်ယူအသင်းနဲ့ အတူ တရားဝင် ဆွေးနွေးမှုတွေကို မကြာမီမှာပဲ ပြုလုပ်လိမ့်မယ် လို့ Romano က ပြောပြ သွားခဲ့ပါတယ်။

Photo Credit: Metro

မန်ယူအသင်း ကတော့ ယခုနှစ် နွေစျေးကွက် အတွင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတွေ ကို အသင်းကနေ ရှင်းထုတ်သွားဖို့ ကြိုးစားနေပြီး လက်ရှိမှာတော့ ရိုမဲရိုး ၊ လင်ဂတ် ၊ ပါရဲယား ၊ ဖီးလ်ဂျုံးစ် ၊ ရိုဟို ၊ စမောလင်း တို့ဟာ အသင်း ကနေ ထွက်ခွာခွင့် ရထားတာကြောင့် လာဇီယို အသင်းဘက်က ပါရဲယားကို ခေါ်ယူဖို့ အတွက် လှုပ်ရှားလာတာကို ဝမ်းသာနေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။ ပါရဲယားရဲ့ လက်ရှိ စျေးကွက် တန်ကြေးဟာ ယူရို ၁၈ သန်း ဖြစ်ပြီး မန်ယူအသင်း ကတော့ ပါရဲယား အတွက် အနိမ့်ဆုံး ယူရို ၁၅ သန်း ဝန်းကျင် အလို ရှိနေတယ် လို့ အင်္ဂလန်ရဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ မကြာမီမှာတော့ မန်ယူအသင်းနဲ့ လာဇီယိုအသင်း တို့ဟာ ပါရဲယား အတွက် တရားဝင် ဆွေးနွေးတော့မှာ ဖြစ်တာကြောင့် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့် သွားရမှာပါ။