လာဇီယိုအသင်းရဲ့ ဒါရိုက်တာဖြစ်သူ တာရီကတော့ ဒေးဗစ် ဆေးလ်ဗားဟာ လာဇီယိုအသင်းကို လာကစားမယ်လို့ ပြောခဲ့ပေမယ့် ရီးရဲလ်ဆိုဆီဒက်စ်အသင်းကို ပြောင်းသွားခဲ့တာကြောင့် သူ့ကို ကစားသမားအဖြစ် လေးစားပေမယ့် လူသားတစ်ဦးအဖြစ် မလေးစားဘူးလို့ ပြောသွားပါတယ်။ အီတလီ စီးရီးအေ ပြိုင်ပွဲက လာဇီယိုအသင်းဟာ ဒေးဗစ် ဆေးလ်ဗားက မန်စီးတီးအသင်းကနေ ထွက်သွားဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အသကုန် ကြိုးစားခဲ့ပြီး သူ့ကို ခေါ်ယူနိုင်လိမ့်မယ်လို့လည်း အပြည့်အဝ ယုံကြည်ချက် ထားနေခဲ့ပါတယ်။

Photo Credit: Goal

ဆေးလ်ဗားဟာ လာဇီယိုအသင်းကို ပြောင်းဖို့ ချိတ်ဆက်ဆဲ အချိန်မှာ စပိန် လာလီဂါ ပြိုင်ပွဲက ရီးရဲလ်ဆိုဆီဒက်စ်အသင်းကို တနင်္လာနေ့က အလွတ် ပြောင်းသွားပြီး သူ့ရဲ့ အပြောင်းအရွှေ့က သူ့ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတဲ့ လာဇီယိုအသင်းရဲ့ မျှော်လင့်ချက်ကို ပျက်သုန်စေခဲ့ပါတယ်။ ဒေးဗစ် ဆေးလ်ဗားဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁၀) နှစ်ကြာ ကစားပြီးနောက် လာလီဂါ ပြိုင်ပွဲကို ပြန်လာခဲ့ပြီး လာဇီယိုအသင်းရဲ့ ဒါရိုက်တာ တာရီကတော့ ကွင်းလယ်လူ ဆေးလ်ဗားကို ကစားသမား အဖြစ် လေးစားပေမယ့် လူသားတစ်ဦးအဖြစ် မလေးစားဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

El Transistor သတင်းမှာ လာဇီယိုအသင်းရဲ့ ဒါရိုက်တာ တာရီက “ဒေးဗစ် ဆေးလ်ဗားအနေနဲ့ စီးရီးအေ ပြိုင်ပွဲကို သဘောကျတယ် ဆိုတာကို ကျွန်တော် အတည်ပြု ပြောနိုင်ပါတယ်။ သူက စီးရီးအေ ပြိုင်ပွဲမှာ ကစားရတာကို တကယ် သဘောကျတယ်။ သူ ကျွန်တော့်ကို စီးရီးအေ ပြိုင်ပွဲမှာ အသက် (၄၀) အထိ ကစားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ သူ ရီးရဲလ်ဆိုဆီဒက်စ်အသင်း ပြောင်းသွားတာကို ကျွန်တော် သိသွားခဲ့ပါတယ်။ ကျွန်တော် သူ့ကို ကစားသမားအဖြစ် လေးစားပေမယ့် လူသားတစ်ဦး အဖြစ်နဲ့တော့ မလေးစားနိုင်ပါဘူး”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ် ကစားသမား ဒေးဗစ် ဆေးလ်ဗားဟာ ရီးရဲလ်ဆိုဆီဒက်စ်အသင်းမှာ ကျောနံပါတ် (၂၁) ကို ဝတ်ဆက်သွားမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်စီးတီးအသင်းမှာ ကစားခဲ့စဉ်က ပရီးမီးယားလိဂ် ဆုဖလား (၄) ကြိမ် နဲ့ အက်ဖ်အေ ဖလား (၂) ကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။