အီတလီ စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုက မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲတော့မယ့် အင်္ဂလန် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားကောင်း တဦး ဖြစ်ပြီး သူဟာ ဘယ်ခြေ ၊ ညာခြေ နှစ်ချောင်းစလုံးကို ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။

Photo Credit: Sky Sports

ဂရင်းဝုဒ်က ဘယ် ၊ ညာ ခြေထောက်နှစ်ဖက်စလုံးကို အသုံးပြုနိုင်သလို သူ့ရဲ့ အဆုံးသတ်စွမ်းရည်နဲ့ ပြိုင်ဘက်တွေကို အလွယ်တကူ ဖြတ်ကျော်နိုင်စွမ်းတို့ကြောင့် အနာဂတ်မှာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်လာနိုင်တဲ့ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့ အရည်အသွေးနဲ့ တန်ဖိုးကို သိပေမယ့် အမျိုးသမီးပရိသတ်တွေရဲ့ ဖိအားကြောင့်သာ ဂရင်းဝုဒ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဂရင်းဝုဒ် တယောက် အသင်းသစ် ရှာမတွေ့မချင်း ဂရင်းဝုဒ်ကို လစာ ဆက်ပေးဖို့ စီစဉ်ထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ စီးရီးအေ နာမည်ကြီးကလပ် လာဇီယိုက ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လာဇီယိုနည်းပြ ဆာရီက ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို သဘောကျသူ ဖြစ်တာကြောင့် မေဆန် ဂရင်းဝုဒ်ကို အရခေါ်ပေးဖို့ လာဇီယိုဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း သိရပါတယ်။

လက်ရှိမှာ လာဇီယို အပါအဝင် ဥရောပ နာမည်ကြီးအသင်း တချို့က ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဂရင်းဝုဒ်ကတော့ သူ့ကို ပွဲထွက်ခွင့် အာမခံချက် ပေးနိုင်သလို ဆုဖလားတွေကို စိန်ခေါ်နိုင်မယ့် အသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။