ဒီနှစ်ဘောလုံးရာသီ အီတလီစီးရီးအေပြိုင်ပွဲမှာ ၂၀၁၉ခုနှစ်ကနေစတင်ပြီး အခုလက်ရှိအချိန်ထိ လိဂ်ရှုံးပွဲမရှိသေးတဲ့ လာဇီယိုအသင်းဟာ ရလဒ်တွေ တောက်လျှောက်ကောင်းမွန်နေမှုကြောင့် အမှတ်ပေးဇယားထိပ်နားကို တဖြည်းဖြည်းရောက်ရှိလာခဲ့ပြီး အင်တာမီလန်ကိုပါ အနိုင်ယူပြီး ဒုတိယနေရာကို လုယူထားနိုင်ခဲ့ပါတယ်။ လာဇီယိုဟာ ဒီနေ့မှာလည်း စီးရီးအေပွဲစဉ်(၂၅)အဖြစ် ဂျီနိုအာအသင်းကို အဝေးကွင်းမှာ သွားရောက်ကစားခဲ့ပြီး ၂ဂိုး၃ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

လာဇီယိုအသင်းဟာ အင်မိုဘီလီ ကိုင်စီဒို ဆာဗစ် အယ်ဘာတို လူးကပ်စ် မာရူဆစ် ရာဒူတို့လို အမာခံကစားသမားတွေနဲ့ ပွဲထွက်လာခဲဲ့ပြီး တန်းဆင်းဇုန်အတွင်းကို ရောက်ရှိနေခဲ့တဲ့ ဂျီနိုအာအသင်းကလည်း လူစုံတတ်စုံ အသုံးပြုကာ လာဇီယိုကို ရင်ဆိုင်လာခဲ့ပါတယ်။ ပွဲအစ ၂မိနစ်ကတည်းက သွင်းဂိုးစတင်ပိုင်ဆိုင်ခဲ့တဲဲ့ လာဇီယိုဟာ ပွဲကိုစောစောစီးစီး ဦးဆောင်ခွင့်ရခဲ့ပေမယ့်လည်း စီးရီးအေနောက်ဆုံး၄ပွဲဆက် ရှုံးပွဲဲမရှိထားခဲ့ပဲ တန်းဆင်းဇုန်ကနေ အလွတ်ရုန်းထွက်နေတဲ့ အိမ်ရှင်ဂျီနိုအာအသင်းကို ဖိဖိစီးစီး မကစားနိုင်ခဲ့ပဲ ဂျီနိုအာကတောင် ပထမပိုင်းမှာ လာဇီယိုကို ပိုမိုဖိအားပေးနိုင်ခဲ့ပြီး ဂိုးကန်ချက်တွေလည်း ပြုလုပ်နိုင်ခဲဲ့ပဲ သွင်းဂိုးတော့ မရရှိခဲ့ပါဘူး။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး သိပ်မကြာခင်လေးမှာပဲ လာဇီယိုက သူတို့ရဲ့ဂိုးသွင်းစက် အင်မိုဘီလီရဲ့ ဒီရာသီ စီးရီးအေ ၂၇ဂိုးမြောက် သွင်းဂိုးနဲ့ ဂျီနိုအာအသင်းဘက်ကို ပြတ်သားနဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အိမ်ရှင်ဂျီနိုအာဘက်ကနေ ချေပဂိုးကို သိပ်မကြာခင်မှာပဲ ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လူးကပ်စ်နေရာမှာ လူစားဝင်လာခဲ့တဲ့ ကယ်လာဒီက ဖရီးကစ်ကနေ လာဇီယိုအတွက် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကြောင့်သာ ဂျီနိုအာကို အနိုင်ရဖို့ လုံလောက်သွားခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာပဲ ဂျီနိုအာတို့ ပင်နယ်တီကနေ ချေပဂိုးပြန်ရခဲ့သေးလို့ လာဇီယိုရဲ့နိုင်ပွဲရလဒ်ကတော့ ကျဉ်းမြောင်းသွားခဲ့ရပါတယ်။