ပြီးခဲ့တဲ့ နွေဈေးကွက် ကုန်ခါနီးမှာမှ ဆောက်သမ်တန် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့တဲ့ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် လာဗီယာဟာ ဆောက်သမ်တန်မှာ ကစားစဉ်က ရခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၁လခွဲ ဝန်းကျင် အနားယူရတော့မယ်လို့ သိရပါတယ်။

ချယ်လ်ဆီးက အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် လာဗီယာကို ပြောင်းရွှေ့ကြေး ယူရို ၆၂သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး လာဗီယာဟာ ချယ်လ်ဆီးနဲ့ ၂၀၃၀ အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Football London

လာဗီယာက ဩဂုတ်လ ၁၈ရက်နေ့မှာ ဆောက်သမ်တန် ကနေ ချယ်လ်ဆီးထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် အသင်းသစ်ဆီ ရောက်အပြီး ၁လ နီးပါး ကြာမြင့်တဲ့ အထိ ချယ်လ်ဆီးအတွက် ပွဲမကစားပေးနိုင်သေးပါဘူး။

လာဗီယာက ပြီးခဲ့တဲ့အပတ် ၊ ကြာသပတေးနေ့မှာ ချယ်လ်ဆီးနဲ့အတူ လေ့ကျင့်ခန်းတွေ ဆင်းခဲ့ချိန်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး အဆိုပါဒဏ်ရာကို ချယ်လ်ဆီးရဲ့ ဆရာဝန်တွေက သောကြာနေ့မှာပဲ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ ဆရာဝန်တွေက လာဗီယာရဲ့ ဒဏ်ရာကို သေချာ စစ်ဆေးခဲ့ပြီးနောက် လာဗီယာဟာ အနည်းဆုံး အောက်တိုဘာလကုန် အထိ အနားယူရဖို့ သေချာနေကြောင်း သိရှိခဲ့ရသလို ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးနောက်မှာ ပြန်လည် ထူထောင်ရေး အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်ရဖို့ ရှိနေတာကြောင့် လာဗီယာဟာ ၁လခွဲ ဝန်းကျင် အနားယူရနိုင်ကြောင်း သိရပါတယ်။

လာဗီယာက ၁လခွဲ နီးပါး နားရတော့မှာ ဖြစ်ပေမယ့် ချယ်လ်ဆီးက ကွင်းလယ်ပိုင်းမှာ ကိုင်စီဒို ၊ အန်ဇို ဖာနန်ဒက်ဇ် ၊ ဂါလက်ချာ ၊ ချူဟွေမီကာ ၊ အူဂိုချူကူး စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားသေးတာကြောင့် လာဗီယာ မရှိတဲ့ အချိန်တွေကို အလွယ်တကူ ဖြတ်သန်းသွားနိုင်မှာပါ။