လတ်တလောမှာ မန်စီးတီးအသင်းဘက်ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်တစားရှိလို့နေတဲ့ အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ လော်သာရိုမာတီနက်ဇ်က သူ့ကို အသင်းပြောင်းခြင်းမရှိပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အင်တာမီလန်အသင်းဘက်ကနေ သူရဲ့တစ်ပတ်လုပ်ခကို လက်ရှိပေးချေနေတဲ့ ပမာဏထက် (၄)ဆဝန်းကျင် (ပေါင်တစ်သိန်းခွဲ) လောက်အထိ တိုးမြှင့်ပေးချေသွားဖို့ လိုအပ်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

အသက်(၂၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား မာတီနက်ဇ်ဟာ အင်တာမီလန်အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး (၃)ဂိုးဖန်းတီးထားပါတယ်။ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ထားနိုင်တဲ့ မာတီနက်ဇ်ကို လတ်တလောမှာတော့ မန်စီးတီးအသင်းကနေ စိတ်ဝင်စားလျက်ရှိနေပြီး ခြေစွမ်းပိုင်း ကျဆင်းလာခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူးကြီးအဂွဲရိုးရဲ့နေရာမှာ အစားထိုးသွားဖို့ ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : AS English

အင်တာကတော့ သူတို့ရဲ့ ကစားသမားကို စာချုပ်လျော်ကြေးအဖြစ် ပေါင်(၉၈)သန်းအထိကို သတ်မှတ်ထားသလို လက်ရှိသူရဲ့စာချုပ်သက်တမ်းကလည်း (၃)နှစ်အထိ ကျန်ရှိနေသေးပေမယ့် မန်စီးတီး ဘာစီလိုနာ ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်တို့လို ဥရောပထိပ်သီးအသင်းတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေတဲ့ မာတီနက်ဇ်က လက်ရှိ အင်တာမှာ တစ်ပတ်လုပ်ခကို ပေါင်(၃၈၀၀၀)သာ ရရှိနေတာဖြစ်လို့ သူရဲ့လစာကို (၄)ဆလောက်အထိ တိုးပေးစေချင်နေပါတယ်။ မာတီနက်ဇ်ကို အင်တာမီလန်ဘက်ကနေ လက်ရှိလစာထက် (၂)ဆလောက်တိုးမြှင့်ပြီး သက်တမ်းတိုးချင်နေတာဖြစ်ပေမယ့်လည်း မာတီနက်ဇ်ကတော့ တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းခွဲလောက်အထိကိုသာ တိုးမြှင့်စေချင်နေပါတယ်။ လက်ရှိ အင်တာမီလန်နဲ့ မာတီနက်ဇ်တို့ရဲ့ကြား စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စ ဆွေးနွေးချက်တွေကတော့ မတိုးသာမဆုတ်သာ အခြေအနေမှာသာ ရှိလို့နေပြီး လာမယ့်ဒီဇင်ဘာလအထိကို ဆက်လက်လုပ်ဆောင်ကြရဖွယ် ရှိနေပါတယ်။ မာတီနက်ဇ်ဟာ အသင်းရဲ့ကစားသမားတွေအနက် အသင်းအတွက် အကျိုးအပြုနိုင်ဆုံးသူအဖြစ် သတ်မှတ်ခံထားရသလောက် အသင်းရဲ့စီနီယာကစားသမားတွေထဲမှာ လုပ်ခလစာအနည်းဆုံး ဖြစ်နေရခြင်းအပေါ် စိတ်ပျက်လို့နေပြီး ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မာတီနက်ဇ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေက လစာကို မက်မက်မောမောပေးပြီး ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက်ရှိနေကြပါတယ်။