အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ ဥက္ကဌဖြစ်သူ ဒီလော်ရန်တစ်က ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်နေတဲ့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်ကို လာမယ့် နွေဈေးကွက်မှာ ရောင်းချသွားဖို့ မရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က အထောင်တိုက်စစ်မှူး နေရာမှာ လိုအပ်ချက်တွေ ရှိနေတဲ့ အသင်းတွေ ဖြစ်ကြပြီး နှစ်သင်းစလုံးက နာပိုလီနဲ့အတူ တောက်ပနေတဲ့ အိုဆီမန်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။

Photo Credit: Team Talk

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က အဆုံးသတ်စွမ်းရည် ပြည့်ဝတဲ့ နံပါတ်၉ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက နာပိုလီ အတွက် စုစုပေါင်း ၃ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၈၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နာပိုလီက အိုဆီမန်ကို ၂၀၂၀ခုနှစ်မှာ လိုင်လီကနေ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး အိုဆီမန်နဲ့ နာပိုလီတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ၂၀၂၅ခုနှစ်မှ ကုန်ဆုံးဖို့ ရှိနေတာကြောင့် နာပိုလီက အိုဆီမန်ကို နောက်ထပ် ၁ရာသီ အသင်းမှာ ထပ်မံ ထိန်းသိမ်းထားလို့ ရပါသေးတယ်။

Photo Credit: Team Talk

ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ နာပိုလီဥက္ကဌ ဒီလော်ရန်တစ်က သူတို့အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဟာ တောင့်တင်းတာကြောင့် အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ အိုဆီမန်ကို ရောင်းချဖို့ မလိုအပ်ပဲ သူတို့ဟာ အိုဆီမန်ကို ရောင်းချဖို့ စိတ်ကူးမရှိကြောင်း ဖွင့်ဟ ပြောဆိုလာပါတယ်။

ဒီလော်ရန်တစ်က – “အိုဆီမန်က ရောင်းချမယ့် ကစားသမား မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ခေါ်ချင်တဲ့ အသင်းတွေ အများကြီး ရှိနေတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကစားသမားတွေကို ရောင်းချစရာ မလိုပါဘူး။ ကျွန်တော်တို့က အကြွေးကင်းတဲ့ အသင်းပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။