ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ လာပေါ့တ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ခါနီးမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၂လနီးပါး အနားယူရဖို့ ရှိနေကြောင်း မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာက အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုခံစစ်မှူး လာပေါ့တ်က ဘီလ်ဘာအိုကနေ မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ခံစစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူ တဦး ဖြစ်ပြီး သူက ဂျွန်စတုန်း ၊ ရူဘင် ဒီယက်ဇ်တို့နဲ့အတူ မန်ချက်စတာ စီးတီးရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

အထူးသဖြင့် လာပေါ့တ်က ဂျွန်စတုန်းနဲ့ ရူဘင် ဒီယက်ဇ်တို့ နှစ်ယောက်စလုံး ဒဏ်ရာရခဲ့တဲ့ ပြီးခဲ့တဲ့ရာသီ ကုန်ခါနီး အချိန်မှာ မန်ချက်စတာ စီးတီးရဲ့ ခံစစ်ကြောင်းကို အဓိက ဦးဆောင်ပေးခဲ့သူ တဦး ဖြစ်ပြီး သူက ဒူးခေါင်းဒဏ်ရာကို ရရှိထားတဲ့ ကြားကနေ မန်ချက်စတာ စီးတီး အတွက် အနာသက်သာဆေးတွေ ထိုးကာ ကစားပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ လာပေါ့တ်က ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ ဒူးဒဏ်ရာကို ကုသဖို့ မဖြစ်မနေ လိုအပ်ခဲ့ပြီး မန်ချက်စတာ စီးတီးနည်းပြ ဂွာဒီယိုလာက လာပေါ့တ်ဟာ ဒဏ်ရာသက်သာလာဖို့ အနားယူနေရတာကြောင့် လာမယ့် စက်တင်ဘာလ ရောက်မှသာ မန်ချက်စတာ စီးတီးအတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိကြောင်း လီဗာပူးနဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

ဂွာဒီယိုလာက – “လာပေါ့တ်က ဒဏ်ရာရနေပါတယ်။ သူက ပြီးခဲ့တဲ့ရာသီမှာ ဒူးဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ခဲ့သလို အသင်းအတွက် အရေးပါခဲ့တဲ့ နောက်ဆုံး ၂ပွဲ ၊ ၃ပွဲကိုလည်း ဒဏ်ရာကြီးနဲ့ ကစားခဲ့ရသူပါ။ သူက အသင်းအတွက် အတော်လေး ပေးဆပ် ကစားခဲ့ပါတယ်။ သူက ကောင်းကောင်း ကစားနိုင်နေပေမယ့် ကျွန်တော်တို့က ဒူးဒဏ်ရာနဲ့ ပတ်သတ်ရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သူက ဩဂုတ်လ တလလုံး ကျွန်တော်တို့နဲ့အတူ ရှိနိုင်မယ် မထင်ပါဘူး။ စက်တင်ဘာလထဲ ရောက်ရင်တော့ သူက ကျွန်တော်တို့နဲ့အတူ ပြန်ရှိနိုင်ပါလိမ့်မယ်” လို့ လာပေါ့တ်ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြောကြားသွားခဲ့တာပါ။