ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ စပိန် ခံစစ်ကစားသမား အန်းမရစ် လာပေါ့တ်က သူ့ကို ရီးယဲလ် မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခြင်းနဲ့ ပတ်သက်ပြီး ရီးယဲလ်လို အသင်းမျိုးရဲ့ စိတ်ဝင်စားမှုကို လစ်လျူမရှုထားနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
လက်ရှိမှာ ရီးယဲလ် မက်ဒရစ်အသင်းက ခံစစ်ပိုင်းအတွင်း အဓိက နောက်ခံလူတွေဖြစ်တဲ့ အက်ဒါ မီလီတာအိုနဲ့ ဒါနီ ကာဗာဟယ်လ်တို့ ဒဏ်ရာ ပြဿနာတွေကြောင့် ကာလရှည်ကြာ အနားယူသွားရတော့မှာ ဖြစ်သလို ACL ကနေ ပြန်လည် သက်သာလာတဲ့ အလာဘာကလည်း အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ မလွယ်ကူသေးဘဲ ဖြစ်နေပါတယ်။
Photo Credit : Marca
ဒီလို အခြေအနေမျိုးမှာ ရီးယဲလ်က ခံစစ်ကစားသမားသစ်တစ်ဦးကို လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက်အတွင်းမှာပဲ ခေါ်ယူဖြည့်တင်းသွားဖို့ ရှိနေရာ ကစားသမားဟောင်းတွေဖြစ်တဲ့ ရာမို့စ် နာချိုတို့အပြင် ဆလီဘာ ၊ ရိုမဲရိုး ၊ ဂျိုနသန်တက်ချ် ၊ လာပေါ့တ် ၊ လူကီဘာတို့လို ကစားသမားတွေနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီထဲကမှ မန်စီးတီး နောက်ခံလူဟောင်း လာပေါ့တ်ကတော့ ပြီးခဲ့တဲ့ နွေကတည်းက ရီးယဲလ်အသင်းနဲ့ သတင်းထွက်ခဲ့သူဖြစ်ပြီး လက်ရှိမှာဆိုရင်လည်း ရီးယဲလ်ရဲ့ ခံစစ်ကစားသမား လိုအပ်ချက်အရ အပြောင်းအရွှေ့ ကောလဟာတွေ အထွက်ပေါ်ဆုံး နောက်ခံလူတစ်ဦးပါ ဖြစ်နေရပါတယ်။
Photo Credit : Madrid-Barcelona
ဒီလို သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး “ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းလာမှုကို ကျွန်တော် နားထောင်နေမှာ သေချာပါတယ်။ ဒီလို ကလပ်အသင်းမျိုးတွေကို ကျွန်တော် မလစ်လျူရှုနိုင်ပါဘူး။ ဒီလို သတင်းတွေမျိုးတွေ မြင်တွေ့ရတာ ကောင်းပါတယ်။ အဲ့ဒါကို ကျွန်တော် သေချာတော့ မသိပေမယ့်လည်း ဒါက တော်တော်ကောင်းပါတယ်။” လို့ လာပေါ့တ်ကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။
အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ လာပေါ့တ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းကို ယူရိုချန်ပီယံ ဖြစ်လာအောင် အဓိကနေရာကနေ ပါဝင် စွမ်းဆောင်ခဲ့သူ ဖြစ်သလို အယ်လ်နာဆာအသင်းမှာလည်း လုပ်ခလစာ အမြောက်အများ ရရှိနေသူလည်း ဖြစ်ပါတယ်။ လာပေါ့တ်က အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ၂၀၂၆အထိသာ ရှိပေမယ့် ရီးယဲလ်အတွက်တော့ လာပေါ့တ်ရဲ့ လုပ်ခက အဓိက အခက်အခဲ ဖြစ်လာနိုင်ပါတယ်။