MySport Myanmar

ရီးယဲလ်အသင်းဆီကနေ ချဉ်းကပ်မှုကို မရရှိခဲ့ကြောင်း လာပေါ့တ် ဖွင့်ဟ

အယ်လ်နာဆာအသင်းရဲ့ စပိန် ဝါရင့် နောက်ခံကစားသမားကြီး အန်းမရစ် လာပေါ့တ်က ဒီနွေမှာ သတင်းတွေ ထွက်ပေါ်ခဲ့သလိုမျိုး ရီးယဲလ်မက်ဒရစ်အသင်းဘက်က သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာဆိုတာဟာ တကယ် မဟုတ်ခဲ့ကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၀)အရွယ် ရှိပြီဖြစ်တဲ့ စပိန် လက်ရွေးစင် ဗဟိုခံစစ်ကစားသမား လာပေါ့တ်ဟာ ၂၀၂၃နွေကမှ မန်စီးတီးကနေ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီကို ပေါင် (၂၃.၆)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒို မာနေး ဘရိုဇိုဗစ် အော်တာဗီယိုတို့နဲ့အတူ အယ်လ်နာဆာရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ရပ်တည်လို့နေပါတယ်။

Photo Credit : Football Espana

ဥရောပကနေ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း ယူရို-၂၀၂၄ ပြိုင်ပွဲမှာပါ စပိန်အသင်းအတွက် တောက်လျှောက် ပွဲထွက်ကစားပေးခဲ့ရင်း စပိန်ကို ယူရိုချန်ပီယံ ဖြစ်လာအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေပါ ထွက်ပေါ်လာခဲ့ပါတော့တယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာပဲ ရီးယဲလ်က ခံစစ်ပိုင်း ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်လာရချိန်မှာ မန်စီးတီးနဲ့ ဘီလ်ဘာအို ကစားသမားဟောင်း လာပေါ့တ်ကို ရီးယဲလ်က ခေါ်ယူလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး လာပေါ့တ်ကလည်း အယ်လ်နာဆာနဲ့ စာချုပ်ဖျက်သိမ်းပြီး ရီးယဲလ်ဆီ အလွတ်နဲ့ ပြောင်းလာလိမ့်မယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Photo Credit : Madrid-Barcelona

လာပေါ့တ်က အယ်လ်နာဆာအသင်းမှာ ၂၀၂၆ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို တစ်ပတ်လုပ်ခ ပေါင် (၄)သိန်းလောက်အထိ ရရှိနေတာဖြစ်တာမို့ ဒီအခြေအနေကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့က အတော်လေး ခက်ခဲပေမယ့် ဈေးကွက်မပိတ်ချိန်ထိ လာပေါ့တ်နဲ့ ရီးယဲလ်တို့ကြား ကောလဟာလတွေက အဆက်မပြတ် ထွက်ပေါ်ခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လာပေါ့တ်က “ကျွန်တော့်အတွက် ဘာချဉ်းကပ်မှုမှ မရှိခဲ့ပါဘူး။” လို့ ရှင်းလင်း ပြောဆိုခဲ့ပေမယ့် သူ့အတွက် ဥရောပ ကလပ်အသင်းတွေဘက်က ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင်တော့ ကမ်းလှမ်းမှုတွေကို စောင့်ကြည့်သွားမှာ ဖြစ်သလို အနာဂတ်မှာ ဥရောပဆီ ပြန်လာဖို့လည်း စဉ်းစားနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version