စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာကတော့ သူတို့အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို ရောင်းထုတ်လိုခြင်း မရှိပဲ ဒီဂျောင်ကသာ လုပ်ခလစာ လျှော့ယူဖို့ သဘောတူခဲ့ရင် သူ့ကို မန်ချက်စတာ ယူနိုက်တက်ဆီ မရောင်းချတော့ပဲ အသင်းမှာသာ ဆက်ထိန်းထားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်သလို ပြောင်းရွှေ့ကြေး မြိုးမြိုးမြက်မြက်လည်း ရမယ့် ဖရန်ကီ ဒီဂျောင်ကို အသင်းကနေ ရောင်းထုတ်ဖို့ စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်က ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ ကြားမှာ ဒီဂျောင်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သတ်ပြီး ပဏာမ သဘောတူညီမှု ရယူထားနိုင်ကာ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း + အပိုဆုကြေး ယူရို ၂၀သန်း ပေးချေဖို့ သဘောတူထားပြီး နှစ်သင်းကြားမှာ အပိုဆုကြေး ယူရို ၂၀သန်း အတွက် ဘယ်လိုအချက်တွေ ထည့်သွင်းမလဲ ဆိုတာ ဆက်လက် ညှိနှိုင်းနေဆဲပါ။

ဒါပေမယ့် ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာကတော့ ယမန်နေ့ညမှာပဲ သူတို့အသင်းဟာ ဖရန်ကီ ဒီဂျောင်ကို ရောင်းချလိုစိတ် မရှိပဲ ဖရန်ကီ ဒီဂျောင်ကသာ သူ့ရဲ့ လုပ်ခလစာကို လျှော့ယူဖို့ သဘောတူခဲ့ရင် ဒီဂျောင်ကို အသင်းမှာပဲ ဆက်ထိန်းထားမယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Mirror

လာပေါ်တာက – “ဒီဂျောင်ကို ခေါ်ချင်နေတဲ့ အသင်းတွေ အများကြီး ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကပဲ သူ့ကို စိတ်ဝင်စားနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူ့ကို မရောင်းချင်သလို သူကလည်း အသင်းမှာပဲ ဆက်နေချင်နေပါတယ်။ ဖရန်ကီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် ကျွမ်းကျင်သူတွေရဲ့ သတ်မှတ်မှုကို ခံထားရသူပါ။ ကျွန်တော်တို့ အသင်းမှာ သူ ရှိနေတဲ့ အတွက် ကျွန်တော်တို့ အားလုံးလည်း ပျော်ရွှင်ရပါတယ်။ ဒါကြောင့် ကျွန်တော်က ဖရန်ကီကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဖို့ လုပ်နိုင်စွမ်း ရှိသလောက်နဲ့ ကြိုးစားသွားပါမယ်။ ဒါပေမယ့် ဒီဂျောင်ရဲ့ လုပ်ခလစာဟာ ဖြေရှင်းရမယ့် ကိစ္စတခု အဖြစ် ရှိနေပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။