သိပ်မကြာခင်မှာပဲ အသင်းရဲ့နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းနဲ့ လက်တွဲဖြုတ်သွားပြီး နည်းပြသစ်တစ်ယောက်ကို အစားထိုး ပြန်လည်ခန့်အပ်သွားတော့မယ့် ဘာစီလိုနာအသင်းဟာ နည်းပြသစ်အတွက် နည်းပြများစွာနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိ်နေသလို စပိန်နာမည်ကျော် သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အသင်းရဲ့ နည်းပြရာထူးအတွက် ချယ်လ်ဆီးအသင်းရဲ့ နည်းပြ သောမတ်စ်တူဟယ်လ်ကိုသာ အလိုရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Reporting

ဘာစီလိုနာအသင်းဟာ နည်းပြကိုးမန်းလက်အောက်မှာ အခြေအနေတွေ အတော်လေးကို ဆိုးရွှားလျက်ရှိနေပြီး ဒီရာသီရဲ့ ချန်ပီယံလိဂ်ပြိ်ုင်ပွဲမှာဆိုရင်လည်း (၂)ပွဲဆက်တိုက် (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့လို့ အုပ်စုကနေ နောက်တစ်ဆင့် တတ်မြှောက်ရေးကိုပါ ခက်ခက်ခဲခဲ စွမ်းဆောင်ရဖွယ်ပါ ရှိနေပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆု်ိင်နေရချိန်မှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ကို ဘာစီလိုနာ အသင်းတာဝန်ရှိသူတွေက စီစဉ်နေကြပြီး အသင်းဥက္ကဌ ဟိုဟမ်လာပေါ်တာကိုယ်တိုင်ကတော့ အသင်းနည်းပြအဖြစ် ချယ်လ်ဆီးအသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ ဂျာမနီနိုင်ငံသား သောမတ်စ်တူဟယ်လ်ကိုသာ အလိုရှိနေတယ်လို့ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဒေါ့မွန် ပီအက်စ်ဂျီအသင်းတွေရဲ့ နည်းပြဟောင်းဖြစ်သူ တူဟယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်ခန့်ကမှ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကာလတိုအတွင်းမှာပဲ အသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ပေးထားနိုင်တဲ့ တူဟယ်လ်ကို ဘာစီဥက္ကဌ လာပေါ်တာက သဘောကျလျက်ရှိနေပြီး ကိုးမန်းရဲ့နေရာမှာပါ တူဟယ်လ်နဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တူဟယ်လ်ကို ချယ်လ်ဆီးကနေ ခေါ်ယူဖို့ဆိုတာ လတ်တလော ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းအတွက် ဖြစ်နိုင်ဖွယ်ရာ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေရသလို နည်းပြကိုယ်တိုင်ကလည်း ချယ်လ်ဆီးအသင်းမှာ အထိုင်ကျနေရာကနေ ရုတ်တရက် အသင်းအပြောင်းအလဲ လုပ်ဖို့ရာ မရှိတာကြောင့် လာပေါ်တာရဲ့ ဆန္ဒက အဆုံးသတ်ရဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာ နည်းပြရာထူးအတွက် ဘယ်လ်ဂျီယံနည်းပြ ရောဘတ်တိုမာတီနက်ဇ် ဂျုဗင်တပ်စ်နည်းပြဟောင်း ပီယာလို ကစားသမားဟောင်း ဇာဗီတို့နဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး ကိုးမန်းကိုလည်း အသက်လက်တီကိုအသင်းနဲ့ လာလီဂါပွဲစဉ်အပြီးမှပဲ ရာထူးကနေ ထုတ်ပယ်သွားဖွယ် ရှိနေပါတယ်။