ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာက သူတို့အသင်းဟာ ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ်ဒီးယက်ဇ်ကို ပြီးခဲ့တဲ့ ဆောင်းဈေးကွက်အတွင်းမှာ အရမ်းကို ခေါ်ယူခဲ့ချင်တာ ဖြစ်သလို ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football Espana

လက်ရှိ လီဗာပူးလ်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်သူ ဒီးယက်ဇ်ဟာ လီဗာပူးလ်ကို မရောက်ရှိခင် ပေါ်တိုအသင်းမှာ ကစားခဲ့စဉ်ကတည်းက သူ့ကို ကလပ်အသင်းများစွာက ခေါ်ယူချင်ခဲ့ပြီး အဲ့ဒီအသင်းတွေထဲမှာ ဘာစီလိုနာလည်း ပါဝင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ် ဆောင်းဈေးကွက်မှာ ဖယ်ရန်တောရက်စ်နဲ့ အူဘာမီယန်းတို့ကို ခေါ်ယူခဲ့ပေမယ့် သူတို့အသင်း တကယ် အလိုရှိတဲ့ ကစားသမားထဲမှာ လူးဝစ်ဒီးယက်ဇ် ပါဝင်နေခဲ့ပြီး အသင်းမှာ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကျပ်အတည်းတွေကြောင့် ဒီးယက်ဇ်ကို လီဗာပူးလ်နဲ့အပြိုင် မခေါ်ယူနိုင်ခဲ့တာလို့ လာပေါ်တာက ရှင်းပြသွားခဲ့ပါတယ်။

Photo Credit : Zona Cero

“ကျွန်တော်တို့ လူးဝစ်ဒီးယက်ဇ်ကို ခေါ်ယူချင်ခဲ့ပါတယ်။ သူ့ကို ခေါ်ယူဖို့အတွက် တကယ်ကို စိတ်ဝင်စားခဲ့ပြီး သူရဲ့အေးဂျင့်နဲ့လည်း ဆွေးနွေးမှုတွေပါ ပြုလုပ်ခဲ့ပါသေးတယ်။ အမှန်တရားကတော့ ကျွန်တော်တို့ အသင်းကို ပြန်ရောက်လာခဲ့တာ သိပ်မကြာသေးသလို အသင်းကလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် လီဗာပူးလ်က သူ့ကို ခေါ်ယူသွားခဲ့တာပါ” လို့ ဘာစီလိုနာ အသင်းဥက္ကဌ လာပေါ်တာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ကိုလံဘီယာလက်ရွေးစင် တောင်ပံကစားသမား ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၀)ရက်နေ့မှာ ပေါ်တိုအသင်းကနေ လီဗာပူးလ်အသင်းဆီကို ပေါင်(၃၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့သလို လီဗာပူးလ်ကတော့ ဒီးယက်ဇ်ကို ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းဆီကနေ ကြားဖြတ် ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီးယက်ဇ်ဟာ သူရဲ့ လီဗာပူးလ် ကစားသမားဘဝ ပထမဆုံးရာသီဝက်မှာပဲ အသင်းအတွက် ပြိုင်ပွဲစုံ (၂၆)ပွဲအထိ ကစားပေးနိုင်ခဲ့ပြီး (၆)ဂိုး သွင်းယူနိုင်ခဲ့သလို ဒီရာသီမှာလည်း (၁၂)ပွဲကစားထားကာ (၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီးယက်ဇ်ဟာ ဒဏ်ရာပြသာနာကြောင့် အနားယူနေရပါတယ်။