စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဥက္ကဌ လာပေါ်တာက သူတို့အသင်း ကနေ ရောင်းထုတ်ချင်နေတဲ့ ကွင်းလယ်လူ ဒီဂျောင်အတွက် အင်္ဂလန် ထိပ်သီးကလပ် ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ မလုပ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေး ပြဿနာကို ဖြေရှင်းဖို့ အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိထားပေမယ့် ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်နေတာကြောင့် အပြောင်းအရွှေ့ဟာ ယခုချိန်အထိ မဖြစ်လာသေးပါဘူး။

Photo Credit: The Sun

ဒီဂျောင်က ဘာစီလိုနာဆီကနေ လစာအကြွေး ယူရို ၁၇သန်း အထိ ရရှိဖို့ ကျန်နေသေးတာကြောင့် သူ့ရဲ့ အကြွေးတွေ မရမချင်း ဘာစီလိုနာကနေ မထွက်ဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာကနေ ထွက်ခွာရင်လည်း မန်ချက်စတာ ယူနိုက်တက်ထက် ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ချင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးက ဒီဂျောင်အတွက် ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေ လုပ်ထားတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်နေပြီး ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာကတော့ သူတို့အသင်းဟာ ဒီဂျောင်နဲ့ ပတ်သတ်ပြီး ချယ်လ်ဆီးနဲ့ တခါမှ မဆွေးနွေးဖူးကြောင်း ပြောကြားရင်း ဒီဂျောင်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကောလဟာလ သတင်းတွေကို ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

Photo Credit: The Sun

လာပေါ်တာက – “ကျွန်တော်တို့က ဒီဂျောင်ကို ချယ်လ်ဆီးဆီ တခါမှ မကမ်းလှမ်းဖူးပါဘူး။ ဒီသတင်းနဲ့ ပတ်သတ်ပြီး အဖြေကတော့ No No Noပါပဲ။ ကျွန်တော်တို့က ဘိုလီနဲ့အတူ ဘာစီလိုနာမြို့မှာ ညစာ အတူစားပြီး ဘောလုံးအကြောင်းတွေ ပြောဖြစ်ခဲ့ရုံပါ။ ဘိုလီက အရမ်းကို တော်တဲ့ လူတယောက်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။