စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ ကတော့ သူတို့က အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ တရားဝင် ကမ်းလှမ်းမှုတွေကို ရရှိထားကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ နည်းပြသစ် အဖြစ် နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို ခန့်အပ်ခဲ့ပြီးနောက် တန်ဟက်ဂ်ရဲ့ တောင်းဆိုချက်အရ သူ့ရဲ့ တပည့်ရင်း တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတသင်းပါ။

Photo Credit: Mirror

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် နောက်ခံလူ ဖရန်ကီ ဒီဂျောင်ဟာ အဲရစ် တန်ဟက်ဂ်ရဲ့ အေဂျက်ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်သလို အဲရစ် တန်ဟက်ဂ်ရဲ့ အယုံကြည်ရဆုံး တပည့်တွေထဲက တဦးလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြတာဝန်ကို ရယူပြီးနောက် ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အသင်းတွင်း အစည်းအဝေးမှာပဲ ဒီဂျောင်ကို မရရအောင် ခေါ်ယူပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေကလည်း ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာနဲ့ရော သူ့ရဲ့ အေးဂျင့်နဲ့ပါ ဆက်သွယ်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပါတယ်။

Photo Credit: Mirror

ဘာစီလိုနာဥက္ကဌ ဖြစ်သူ လာပေါ်တာကလည်း သူတို့ဟာ ဒီဂျောင်အတွက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားပြီး သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေကို စောင့်ကြည့်ကာ အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်သွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လာပေါ်တာက – “ဖရန်ကီဟာ အရည်အချင်း ပြည့်ဝတဲ့ ကစားသမားကောင်း တဦးပါ။ ပြီးတော့ သူက ကျွန်တော်တို့ရဲ့ စနစ်ကိုလည်း နားလည်သူပါ။ ဒါပေမယ့် သူက အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အာရုံစိုက်မှု အများကြီးကို ရထားတဲ့ ကစားသမား တယောက် ဖြစ်နေပါတယ်။ ကျွန်တော်တို့က သူ့အတွက် ကမ်းလှမ်းမှုတွေ ရထားပါတယ်။ (မန်ချက်စတာ ယူနိုက်တက်အား ရည်ရွယ်လျက်) အရာရာတိုင်းက ဖြစ်နိုင်ချေ ရှိပါတယ်။ ကျွန်တော်တို့က အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။