စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ ကတော့ သူတို့ဟာ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဒန်နီ အဲလ်ဗက်ကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ အင်နီယေစတာနဲ့ မက်ဆီတို့ အတွက် တံခါးတွေ ဖွင့်ထားဆဲ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယမန်နေ့မှာပဲ အသင်းထံ ပြန်လည် ရောက်ရှိလာတဲ့ အသင်းရဲ့ ကစားသမားဟောင်း ဒန်နီ အဲလ်ဗက် အတွက် ကစားသမား မိတ်ဆက်ပွဲကို နူးကမ့်ကွင်းမှာ ကျင်းပ ပြုလုပ်ပေးခဲ့ပြီး အဆိုပါ မိတ်ဆက်ပွဲမှာပဲ လာပေါ်တာက သူတို့အသင်းရဲ့ နာမည်ကျော် ကစားသမားဟောင်းတွေ ဖြစ်တဲ့ အင်နီယေစတာနဲ့ မက်ဆီတို့သာ အသင်းဆီ ပြန်လာချင်ရင် သူတို့က ကြိုဆိုနေမယ့် အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

အသက် ၃၇နှစ် အရွယ် စပိန်ဝါရင့် ကွင်းလယ်လူ အင်နီယေစတာဟာ ၂၀၁၈ခုနှစ်မှာ ဘာစီလိုနာအသင်း ကနေ ဂျပန်ကလပ် ဗစ်ဆဲလ် ကိုဘေးအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် လက်ရှိအချိန် အထိ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားဆဲပါ။

တဖက်မှာတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ ၃နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ပြင်သစ်မြေမှာ အသားကျဖို့ ရုန်းကန်နေရတာကြောင့် ပီအက်စ်ဂျီအသင်းနဲ့သာ စာချုပ်သက်တမ်း ကုန်ဆုံးသွားပါက ဘာစီလိုနာအသင်းဆီ ပြန်လာမယ်လို့ သတင်းကြီးနေသူ တဦး ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ ကတော့ ဒန်နီ အဲလ်ဗက်ရဲ့ မိတ်ဆက်ပွဲမှာ သူတို့အသင်းဟာ မက်ဆီနဲ့ အင်နီယေစတာတို့ကို ပြန်လည် ခေါ်ယူနိုင်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ လာပေါ်တာက – “ ကျွန်တော်က ဘယ်အရာကိုမှ တသတ်မတ်ထဲ မတွေးထားပါဘူး။ ဒန်နီရဲ့ အပြောင်းအရွှေ့ကိုပဲ ကြည့်လေဗျာ။ အသက်ဆိုတာက ကိန်းဂဏန်း တခုပါပဲ။ မက်ဆီနဲ့ အင်နီယေစတာတို့က ကြီးကျယ်တဲ့ ကစားသမားတွေပါ။ မနက်ဖြန်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကျွန်တော် မခန့်မှန်းနိုင်ပါဘူး။ မက်ဆီနဲ့ အင်နီယေစတာတို့က အခုချိန်အထိ ဘောလုံးကစားနေဆဲပါ။ ပြီးတော့ တခြားအသင်းတွေနဲ့လည်း စာချုပ်တွေ ရှိနေပါတယ်။ ဒီတော့ အနာဂတ်အကြောင်း ဘယ်သူမှ မသိနိုင်ဘူးလို့ပဲ ပြောပါရစေ” ဆိုပြီး ပြောကြားခဲ့တာပါ။