ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ယိုဟန် လာပေါ်တာကတော့ ဒီနွေဈေးကွက်မှာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ကစားသမားဖြစ်တဲ့ တောင်ပံကစားသမားလေး နီကို ဝီလီယံစ်ကို ခေါ်ယူဖို့အတွက် လက်လျှော့လိုက်ပြီဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းက အသက် (၂၂)နှစ်အရွယ် ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ကို မနှစ်က ဘောလုံးရာသီကနေ စတင်ပြီး စိတ်ဝင်စားခဲ့တာ ဖြစ်သလို ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာတော့ နီကို ဝီလီယံစ်နဲ့အတူ ဒါနီ အော်လ်မိုကိုပါ အတော်လေး စိတ်ဝင်စားလာခဲ့ရင်း အခုတော့ အော်လ်မိုကိုတော့ အရ ခေါ်ယူလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : SPORT

ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း စပိန်အသင်းက ဘယ်တောင်ပံမှာ နီကို ဝီလီယံစ် ညာတောင်ပံမှာ လာမိုင်း ယာမဲလ်တို့ကို တောက်လျှောက် အသုံးပြုသွားခဲ့တာဖြစ်ပြီး ဒီအတွဲအဖက်ကလည်း စပိန်အသင်းအတွက် အတော်လေးကို အကျိုးပြုခဲ့သလို အကောင်းဆုံး စွမ်းဆောင်မှုတွေလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာက အသင်းမှာ ယာမဲလ်နဲ့အတူ နီကို ဝီလီယံစ်ကို တွဲဖက် အသုံးပြုလာခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာက နီကို ဝီလီယံစ်ကို အသင်းဆီ အရ ခေါ်ယူချင်ခဲ့သလို ကစားသမားဘက်ကလည်း ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်နေပေမယ့် အပြောင်းအရွှေ့ ဖြစ်လာဖို့ကတော့ ထင်သလောက် မလွယ်ကူခဲ့ပဲ အကယ်ဒမီထွက် ကစားသမားဟောင်းဖြစ်တဲ့ အော်လ်မိုကိုသာ ပြန်လည် ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Nacion Futbol Espana

မနေ့ညက ကစားသွားခဲ့တဲ့ ရာသီကြို ယိုဟန်ဂမ်ပါ ဖိတ်ခေါ်ဖလား ခြေစမ်းပွဲစဉ်မှာလည်း ဘာစီလိုနာ ပရိသတ်တွေက ဘာစီလိုနာ ဥက္ကဌ လာပေါ်တာကို နီကို ဝီလီယံ ခေါ်ယူပေးဖို့ ပြောဆိုခဲ့ရာ ဒါကို လာပေါ်တာက သူတို့အသင်းမှာ ကောင်းမွန်တဲ့ ကစားသမားအင်အား အလုံအလောက်ကို ရှိနေပြီလို့သာ တုံ့ပြန်သွားခဲ့ပါတယ်။

ဒီစကားအရဆိုရင်တော့ ဘာစီလိုနာအနေနဲ့ ဒီနွေမှာ နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ သေချာပေါက် လက်လျှော့လိုက်ပြီလို့ ယူဆနိုင်သလို သူ့အစား တခြားသော options တွေဖြစ်တဲ့ ကင်စလေ ကိုးမန်းနဲ့ ဖရက်ဒရစ်ကို ခီယေဆာတို့ကိုပဲ ချိန်ရွယ်မှုတွေ လုပ်လာနိုင်သလို အသင်းမှာ ရှိနေတဲ့ ကစားသမားတွေကိုပဲ ဆက်သုံးသွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။