ဘာစီလိုနာအသင်းရဲ့ အသင်းဥက္ကဌဖြစ်သူ ယိုဟန် လာပေါ်တာက ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် နည်းပြကြီး ယာဂင် ကလော့ပ်ကို လက်ရှိနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်နေရာမှာ အစားထိုးသွားဖို့အတွက် အထူး စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းစာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြ ဇာဗီက လက်ရှိမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး စပိန်စူပါဖလား ဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်ကို ဂိုးပြတ်ရှုံးနိမ့်ထားရသလို ကိုပါဒယ်ရေးမှာလည်း ဘီလ်ဘာအိုကို ရှုံးနိမ့်ရင်း ကွာတားဖိုင်နယ်ကနေ ပြုတ်သွားခဲ့ရပါတယ်။

Photo Credit : Barca Blaugranes

ဒီလို အခြေအနေတွေကြောင့် ဇာဗီရဲ့ အနာဂတ်က အတော်လေး လှုပ်ခတ်လာခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းဘက်ကတော့ သူတို့နည်းပြ ဇာဗီကို ဒီရာသီကုန်အထိ အသင်းနည်းပြအဖြစ် ဆက်လက် အချိန်ပေးသွားဖို့ ရှိနေပါတယ်။

ဒီအချိန်မှာပဲ မထင်မှတ်ပဲ လီဗာပူးလ်နည်းပြကြီး ကလော့ပ်က ဒီရာသီအကုန်မှာပဲ လီဗာပူးလ်အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်လို့ တရားဝင် အသိပေး ထုတ်ပြန်လိုက်ရာ ဘာစီလိုနာရဲ့ ပစ်မှတ်က နည်းပြ ကလော့ပ် ဖြစ်သွားခဲ့ရပါတော့တယ်။

Photo Credit : CaughtOffside

ဂျာမန်လူမျိုး နည်းပြကြီး ကလော့ပ်ဟာ ဒေါ့မွန်ကနေ လီဗာပူးလ်အသင်းကို ပြောင်းလဲကိုင်တွယ်ချိန်ကတည်းက လီဗာပူးလ်အတွက် အကောင်းဆုံးသော အရာတွေကို ထုဆစ်ပေးခဲ့တဲ့ ပဲ့ကိုင်ရှင်စစ်စစ် နည်းပြကြီးဖြစ်ပြီး အသင်းအတွက်ကိုလည်း ဆုဖလားပေါင်းများစွာကိုပါ ရယူပေးခဲ့ပါတယ်။

ဒီလို အရည်အသွေးမြင့် နည်းပြကြီး ကလော့ပ်ကို ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အလွန် နှစ်သက်တာကြောင့် ရာသီအကုန်မှာ ဇာဗီနဲ့ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် လစ်လပ်သွားမယ့် နည်းပြနေရာအတွက် ကလော့ပ်ကို ခန့်အပ်ဖို့ သေချာပေါက် ကြိုးစားသွားဖို့ ရှိနိုင်ပါတယ်။