စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင် အများစုဟာ အသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီက ပီအက်စ်ဂျီအသင်းနဲ့ အတူ တောက်ပနေတဲ့ အမ်ဘာပေထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား ဖြစ်ကြောင်း ယုံကြည်နေတယ် လို့ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၁၇ခုနှစ်မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာကို ပီအက်စ်ဂျီ အသင်းထံ အမှတ်မထင် လက်လွှတ်ခဲ့ရပြီးနောက် နေမာရဲ့နေရာ အတွက် အစားထိုးမှု တရပ် အဖြစ် ဒေါ့မွန်အသင်းနဲ့ အတူ တောက်ပနေတဲ့ ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်း အထိ ပေးချေကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Goal

အဆိုပါ အချိန်တုန်းက ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီနဲ့ လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းနဲ့အတူ တောက်ပနေတဲ့ အမ်ဘာပေတို့ နှစ်ဦးထဲက တဦးကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပြီး ဘာစီလိုနာအသင်းက ဒမ်ဘီလီကို ရွေးချယ်ခဲ့တာကြောင့်သာ အမ်ဘာပေဟာ မိုနာကိုအသင်း ကနေ ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဒမ်ဘီလီကို နေမာရဲ့နေရာ အတွက် အစားဝင်နိုင်မယ့်သူ အဖြစ် သတ်မှတ်ကာ အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းထံ ရောက်ရှိပြီး နောက်ပိုင်းမှာ ဒဏ်ရာပြဿနာ မျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရကာ မကြာခဏ ဆိုသလို အနားယူခဲ့ရပြီး တဖက်မှာတော့ အမ်ဘာပေဟာ ပြင်သစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တာကြောင့် ဘာစီလိုနာအသင်းရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာ ကတော့ ဒမ်ဘီလီနဲ့ တွေ့ဆုံစဉ်မှာ သူက ဒမ်ဘီလီဟာ အမ်ဘာပေထက် အဆပေါင်းများစွာ ပိုမို ကောင်းမွန်တဲ့ ကစားသမားလို့ မှတ်ယူထားကြောင်းနဲ့ ဇာဗီရဲ့ လက်အောက်မှာ ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား ဖြစ်လာမယ်လို့ ယုံကြည်ထားကြောင်း စတဲ့ စကားတွေကို ပြောကြားခဲ့တယ်လို့ ဘာစီလိုနာအသင်းနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Cadena သတင်းဌာနက ယနေ့ နေ့လယ်ပိုင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက အသင်းရဲ့ ဘုတ်အဖွဲ့ဝင် အများစု ၊ လာပေါ်တာနဲ့ အသင်းရဲ့ နည်းပြသစ် ဇာဗီတို့ဟာ ဒမ်ဘီလီအပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေကြောင်းနဲ့ ဒမ်ဘီလီကလည်း သူ့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း သက်သေပြချင်နေတယ်လို့ နီးစပ်ရာ သတင်းဌာနတွေကို ဖွင့်ဟ ပြောကြားထားကြပါတယ်။