လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက ယမန်နေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ရအောင် ကစားပေးခဲ့တာကြောင့် ဘာစီလိုနာ ကစားသမားတွေကို ဟမ်ဘာဂါတွေ ဝယ်ကျွေးခဲ့ကြောင်း စပိန်ဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

လာပေါ်တာ ဦးဆောင်နေတဲ့ ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းကြောင့် အခြား ဥရောပ ထိပ်သီးအသင်းတွေလို တန်ကြေးမြင့် ကစားသမားတွေကို မခေါ်ယူနိုင်ပေမယ့် သူတို့ရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်တွေနဲ့ ဝါရင့် ကစားသမားတွေကို ပေါင်းစပ်ပြီး အင်အားတောင့်တင်းတဲ့ အသင်း အဖြစ် ဥရောပမှာ ရပ်တည်နေနိုင်ပါတယ်။

Photo Credit: FC Barcelona

ဘာစီလိုနာက ဒီရာသီမှာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ အံ့မခန်း ခြေစွမ်းတွေကြောင့် ပြည်တွင်းဖလားတွေ ဖြစ်တဲ့ စပိန်စူပါဖလားနဲ့ လာလီဂါဖလားတွေကို လက်လွှတ်ထားရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ရလဒ်ကောင်းတွေ ရယူထားနိုင်ပြီး ယမန်နေ့မှာလည်း ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ကစားပြခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ ပွဲစဉ်မှာ ဘာစီလိုနာက ပီအက်စ်ဂျီရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် နည်းပြချုပ် ဇာဗီရဲ့ ပြောင်မြောက်တဲ့ နည်းစနစ်တွေကြောင့် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို အလွယ်တကူ သွင်းယူကာ အဝေးကွင်းမှာ အဖိုးတန်နိုင်ပွဲ ၁ပွဲကို ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဘာစီလိုနာနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂျာဗီ မီဂွယ်ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာဥက္ကဌ လာပေါ်တာက အဖိုးနည်းပေမယ့် စေတနာ ပါတဲ့ ချီးမြှောက်မှု အဖြစ် ဘာစီလိုနာရဲ့ ကစားသမားတွေကို ဟမ်ဘာဂါတွေ ဝယ်ကျွေးခဲ့ပြီး ဘာစီလိုနာရဲ့ ကစားသမားတွေကလည်း လာပေါ်တာ ကျွေးတဲ့ ဟမ်ဘာဂါတွေကို ပျော်ပျော်ရွှင်ရွှင် စားခဲ့ကြကြောင်း သိရှိရပါတယ်။

ဘာစီလိုနာက အဝေးကွင်းမှာ ပီအက်စ်ဂျီကို အနိုင်ရတာကြောင့် နောက်တပတ်မှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်မှာ ပီအက်စ်ဂျီကို အနိမ့်ဆုံး သရေရလဒ် ရအောင် ကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး ဘာစီလိုနာက ပီအက်စ်ဂျီကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ဆီ ရောက်ရှိခဲ့ရင် အက်သလက်တီကို မက်ဒရစ်နဲ့ ဒေါ့မွန် နှစ်သင်းထဲက တသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။