ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲစဉ်အပြီးမှာတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာက သူတို့ဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ မက်ဆီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်ဖြစ်သူ မက်ဆီ ၊ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်သူ ဒီဂျောင်တို့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ ဘီလ်ဘာအိုအသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ၂၀၂၁ ခုနှစ် အတွင်းမှာ ပထမဦးဆုံး ဆုဖလားကို အရယူနိုင်ခဲ့တာပါ။

Photo Credit: Marca

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုအသင်းဘက်ကို အသာစီးရဖို့ ခက်ခဲခဲ့ပေမယ့် ဒုတိယပိုင်းအရောက်မှာ ကွင်းလယ်လူ ဒီဂျောင်ရဲ့ မှော်ဝင်ခြေစွမ်းတွေ ၊ မက်ဆီရဲ့ တိကျသေသပ်တဲ့ သွင်းဂိုးတွေကြောင့် ကိုပါဒယ်ရေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ ဘာစီလိုနာအသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၆၀မိနစ်မှာ ဂရစ်ဇ်မန်း ၊ ပွဲကစားချိန် ၆၃မိနစ်မှာ ဒီဂျောင် ၊ ပွဲကစားချိန် ၆၈မိနစ်နဲ့ ၇၂မိနစ်တို့မှာ မက်ဆီ စသဖြင့် အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။ အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာက သူ့အနေနဲ့ အသင်းမှာ မက်ဆီကို ဆက်လက် ရှိစေချင်သလို မက်ဆီဟာလည်း အသင်းမှာ ဆက်ရှိနေမယ်လို့ မျှော်လင့်မိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လာပေါ်တာက – “လီယို(မက်ဆီ)က ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားပါ။ သူက အသင်းကိုလည်း အရမ်း ချစ်မြတ်နိုးပါတယ်။ သူ အသင်းမှာ ဆက်နေလိမ့်မယ်လို့ ကျွန်တော်က ယုံကြည်ထားသလို သူ့ကို အသင်းမှာ ဆက်ရှိနေအောင်လည်း ကျွန်တော်တို့ဘက်က လုပ်နိုင်စွမ်းရှိသမျှ လုပ်ပြီး ကြိုးစားသွားမှာပါ။ ဒီနေ့မှာ ကျွန်တော်တို့က သူဟာ တကယ်ကောင်းတဲ့ ကစားသမားတွေရဲ့ ဝန်းရံမှုကို ရရှိထားတာကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့က အရမ်းကို ကောင်းအောင် ကစားနိုင်ခဲ့ကြပါတယ်” လို့ ပြောကြား သွားခဲ့တာပါ။