စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာ ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ယိမ်းယိုင်နေပေမယ့် လာမယ့် ဘောလုံးရာသီမှ စတင်ကာ အကောင်းမွန်ဆုံး လူစာရင်းနဲ့ ပြန်လာဖို့ ရှိနေတာကြောင့် သူတို့အသင်းနဲ့ ရင်ဆိုင်ရန် အသင့်ပြင်ထားဖို့ ပြိုင်ဘက်အသင်းတွေကို သတိပေးသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရပြီးနောက် မှန်ကန် သင့်တော်တဲ့ ကစားသမား ဖြည့်တင်းမှုကို မပြုလုပ်နိုင်ခဲ့တာကြောင့် ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်းပါ။

Photo Credit: Daily Mail

ရာသီအစပိုင်းမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်ခဲ့ရတာကြောင့်ပဲ ဘာစီလိုနာအသင်းဟာ ရာသီဝက်ကာလ ပြီးဆုံးချိန်မှာ အဆင့်၅နေရာကို ရောက်ရှိနေသလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရကာ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းသက်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်း အနေနဲ့ စပိန်လာလီဂါရဲ့ အင်အားကြီးအသင်း တသင်း မဟုတ်တော့ဘူး လို့ သုံးသပ်သူတွေ ရှိလာပေမယ့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ လာပေါ်တာ ကတော့ သူတို့အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အဆင့်မီ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာကြောင့် သူတို့အသင်းရဲ့ အရှိန်အဟုန်နဲ့ ပြန်လာမယ့် အချိန်ကို စောင့်မျှော်နေကြဖို့ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

လာပေါ်တာက – “ကျွန်တော်တို့က အသင်းရဲ့နည်းပြ တောင်းဆိုထားတဲ့ နေရာတွေကို အင်အားဖြည့်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့က ဗလင်စီယာမြို့ရဲ့ ကြယ်ပွင့် တဦး ဖြစ်တဲ့ ဖာရန်းကို ခေါ်ယူနိုင်ခဲ့တယ်။ ဗလင်စီယာသား ဖြစ်တဲ့ ဖာရန်းကို ခေါ်ယူနိုင်ခဲ့လို့လည်း အတော်လေး ပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကတ်တလန်တာနဲ့ ဗလင်စီယာ ဆိုတာ မောင်နှမရင်းချာမြို့တွေလို ဖြစ်နေလို့ပါပဲ။ ဈေးကွက်ထဲမှာ ဆိုရင် ဘာစီလိုနာအသင်းက ပုံရိပ်ကောင်း တခု ဖြစ်ပြီး ကစားသမားတိုင်းက ကျွန်တော်တို့ဆီ ပြောင်းလာဖို့ စိတ်ကူးရှိကြပါတယ်။ ကျွန်တော်တို့ ကတော့ အသင်းကို အင်အား အတောင့်တင်းဆုံး ဖြစ်လာအောင် တည်ဆောက်ဖို့ အစဉ်အမြဲ ကြိုးစားနေပါတယ်။ ဒါကိုလည်း ဖာရန်းရဲ့ အပြောင်းအရွှေ့က သက်သေပြထားပါတယ်။ သူက ထိပ်တန်း ကစားသမား တဦး ဖြစ်သလို ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဆန္ဒပြင်းပျခဲ့သူ တဦးပါ။ လူတိုင်းက ကျွန်တော်တို့အသင်းနဲ့ ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမယ့် အချိန်ကို ရောက်ပြီလို့ ပြောချင်ပါတယ်။ ဘာစီလိုနာ ပြန်လာပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။