စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ လာပေါ်တာက သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အရေးပါတဲ့ ပွဲစဉ်မှာ ဂျာမန် အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲနေတဲ့ အသင်းတသင်း ဖြစ်ပြီး စပိန်လာလီဂါပြိုင်ပွဲမှာ ရမှတ် ၂၀နဲ့ အဆင့်၇နေရာ အထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုဒုတိယနေရာနဲ့ နောက်တဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် တက်ရောက်နိုင်ဖို့ အတွက် ရမှတ် ၃မှတ် စုဆောင်းနိုင်ဖို့ လိုအပ်နေပါတယ်။

Photo Credit: Standard

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းဟာ ရမှတ် ၇မှတ်နဲ့ ချန်ပီယံလိဂ် အုပ်စုEရဲ့ ဒုတိယနေရာမှာ ရှိနေပြီး တတိယနေရာက ဘင်ဖီကာအသင်းနဲ့ ရမှတ် ၂မှတ်သာ ကွာဟနေသလို ဘင်ဖီကာအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံမှု ရလဒ်မှာပါ အရေးနိမ့်နေတာကြောင့် နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ရမှတ် ၃မှတ် အပြည့် ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အုပ်စုတွင်း အားအကောင်းဆုံးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကြားမှာ ခြေစွမ်းပိုင်း ကွာဟချက် ကြီးမားနေတာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်လိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ အဆက်မပြတ် ထွက်ပေါ် နေပါတယ်။

Photo Credit: Standard

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာက သူတို့အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဂျာမန်မြေမှာ အနိုင်ယူဖို့ ခက်ခဲနိုင်ကြောင်း ဝန်ခံခဲ့ပေမယ့် သူတို့အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူကာ ၁၆သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားလာပါတယ်။

လာပေါ်တာက – “ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ယူဖို့ ဆိုတာက မဖြစ်နိုင်တဲ့ အရာတခု မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့သာ သူတို့အသင်းကို အနိုင်ရခဲ့ရင် ဒါက လူတိုင်းကို အံ့အားသင့်စေမယ့် အရာတခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော်တို့အသင်း ဂျာမန်မြေမှာ သူတို့ကို အနိုင်ရမယ်လို့ပဲ ယူဆထားပါတယ်။ ဇာဗီကလည်း အရမ်းကို တက်ကြွနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ မှန်းထားသလို ရလဒ်ကောင်းတွေ ရမယ်လို့ ယုံကြည်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။